#World_Health
Published 27 November 2026
■ ဗီတာမင် D ဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး အထူးသဖြင့် အရိုးနဲ့ ကြွက်သားကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
■ နေရောင်ခြည်ဟာ ဗီတာမင် D ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပေမဲ့ လူအများအပြားမှာ ဗီတာမင် D ချို့တဲ့မှု ဖြစ်ပွားလေ့ရှိပါတယ်။ ဒါကြောင့် လိုအပ်တဲ့ပမာဏရရှိဖို့အတွက် ဗီတာမင် D ဖြည့်စွက်ဆေးတွေကို သောက်သုံးလာကြပါတယ်။
■ ဗီတာမင် D ဟာ အူလမ်းကြောင်းကနေ ကယ်လ်စီယမ်ဓာတ် စုပ်ယူနိုင်ဖို့ ကူညီပေးတဲ့အပြင် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးခြင်း၊ ကြွက်သားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်းနဲ့ စိတ်ခံစားမှုကို ထိန်းညှိပေးခြင်းတို့မှာလည်း အရေးပါပါတယ်။ ဒါ့အပြင် ဆဲလ်ကြီးထွားမှုနဲ့ ရောင်ရမ်းမှုလျော့ကျရေးတို့မှာလည်း ပါဝင်ကူညီပေးပါတယ်။
■ ဗီတာမင် D သောက်သုံးဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။
■ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရ ဗီတာမင် D ဖြည့်စွက်ဆေးကို အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့အတူ သောက်သုံးပေးတာက အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် တစ်နေ့တာအတွင်း အစားအစာအများဆုံးစားတဲ့ အချိန်မှာ သောက်သုံးပေးနိုင်ပါတယ်။
■ အကြောင်းရင်းကတော့ ဗီတာမင် D ဟာ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်တာကြောင့် အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးတဲ့အခါ ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်လို့ ဖြစ်ပါတယ်။
■ အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့အတူ သောက်သုံးခြင်းဟာ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုပြီး ဗီတာမင် D စုပ်ယူမှုကို ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
■ ဒါ့အပြင် မနက်ပိုင်းမှာ သောက်သုံးတာကို နှစ်သက်သူတွေရှိသလို ညနေပိုင်းမှာ သောက်သုံးတာ ပိုအဆင်ပြေသူတွေလည်းရှိပါတယ်။
■ တချို့သူတွေမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ ခံစားရနိုင်တာကြောင့် ကိုယ်နဲ့ အဆင်ပြေတဲ့ အချိန်ကို ရွေးချယ်သောက်သုံးနိုင်ပါတယ်။ အိပ်စက်ဖို့ အခက်အခဲရှိသူတွေအနေနဲ့တော့ ညဘက်နောက်ကျမှ သောက်သုံးတာကို ရှောင်ကြဉ်ကြည့်နိုင်ပါတယ်။
■ ဗီတာမင် D ကို ခန္ဓာကိုယ်က အကောင်းဆုံးစုပ်ယူနိုင်ဖို့ သိထားသင့်တဲ့အချက်များ
■ ၁။ အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ တွဲဖက်သောက်သုံးပါ။
■ ထောပတ်သီး၊ အခွံမာသီး၊ အစေ့အဆန်တွေ ၊ ကြက်ဥအနှစ်ပါဝင်တဲ့ ကြက်ဥတစ်လုံးလုံး၊ ချိစ်၊ သံလွင်ဆီနဲ့ အဆီပြည့်ဒိန်ချဉ်တို့လို အစားအစာတွေနဲ့ တွဲဖက်သောက်သုံးပေးခြင်းက ဗီတာမင် D စုပ်ယူမှုကို အထောက်အကူပြုနိုင်ပါတယ်။
■ ၂။ တစ်နေ့တာအတွင်း အစားအစာအများဆုံးစားတဲ့အချိန်ကို ရွေးချယ်ပါ။
လေ့လာမှုတွေအရ ဗီတာမင် D ကို ဗိုက်ထဲအစာမရှိချိန် သောက်သုံးတာထက် အစားအစာများများစားတဲ့ အချိန်မှာ သောက်သုံးခြင်းက သွေးတွင်းဗီတာမင် D ပမာဏ ပိုမိုမြင့်တက်စေနိုင်ပါတယ်။
■ ၃။ ဗီတာမင် K2 ရဲ့ အခန်းကဏ္ဍကိုလည်းသိထားပါ။
■ ဗီတာမင် D က ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်ဓာတ် စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဗီတာမင် K2 ကတော့ ကယ်လ်စီယမ်ဓာတ်ကို အရိုးနဲ့ သွားတွေမှာ အသုံးချနိုင်ဖို့ အထောက်အကူပြုပါတယ်။
■ ဒါကြောင့် ဗီတာမင် D နဲ့ K2 ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဆေးတွေကို တွေ့နိုင်သလို ဆေးနှစ်မျိုးကို တစ်ချိန်တည်းမှာ သောက်သုံးသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် K2 ထပ်မံဖြည့်စွက်ဖို့ မလိုအပ်ပါဘူး။
■ ၄။ မဂ္ဂနီဆီယမ်ဓာတ်ကိုလည်း လုံလောက်စွာရရှိပါစေ။
■ ခန္ဓာကိုယ်က ဗီတာမင် D ကို အသုံးဝင်တဲ့ ပုံစံအဖြစ် ပြောင်းလဲအသုံးချနိုင်ဖို့ မဂ္ဂနီဆီယမ်ဓာတ်လည်း လိုအပ်ပါတယ်။
■ ဒါကြောင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ အခွံမာသီးနဲ့ အစေ့အဆန်တွေလို မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့အရေးကြီးပါတယ်။
■ သတိပြုရမယ့်အချက်များ
ဗီတာမင် D ဖြည့်စွက်ဆေးကို သောက်သုံးတဲ့အခါ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်ရဲ့ အကြံပြုထားတဲ့ ပမာဏအတိုင်းသာ သောက်သုံးသင့်ပါတယ်။
■ ဗီတာမင် D ကို လိုအပ်တာထက် ပိုမိုသောက်သုံးမိပါက ခန္ဓာကိုယ်အတွင်း ကယ်လ်စီယမ်ဓာတ် များပြားလာပြီး ကျောက်ကပ်နဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
■ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပမာဏ၊ သောက်သုံးရမယ့်အချိန်တို့ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။
■ ဗီတာမင် D ဖြည့်စွက်ဆေးကို ခန္ဓာကိုယ်က အကောင်းဆုံးစုပ်ယူနိုင်ဖို့ဆိုရင် အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့အတူ သောက်သုံးပေးတာက အရေးကြီးပါတယ်။
■ မနက်ပိုင်းဖြစ်စေ၊ ညနေပိုင်းဖြစ်စေ ကိုယ်နဲ့အဆင်ပြေတဲ့ အချိန်ကို ရွေးချယ်နိုင်ပေမဲ့ နေ့စဉ်ပုံမှန်သောက်သုံးတဲ့ အလေ့အကျင့်ရှိဖို့နဲ့ သတ်မှတ်ထားတဲ့ ပမာဏထက် မကျော်လွန်ဖို့လည်း အထူးဂရုပြုသင့်ပါတယ်။
Source-NDTV