#World_News
Published 06 November 2026
■ အင်္ဂါဂြိုဟ် (Mars) ကို လူသားတွေရဲ့ နေအိမ်အသစ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ မေးစရာတစ်ခုရှိလာပါတယ်။ လူသားတွေဟာ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်ရှိနိုင်ဖို့ ခရီးစဉ်တစ်လျှောက်ကိုတောင် ခံနိုင်ပါ့မလား။
■ လေ့လာမှုအသစ်တစ်ခုအရ အာကာသခရီးစဉ်အတွင်း ကြုံတွေ့ရမယ့် အလေးချိန်မဲ့အခြေအနေနဲ့ အာကာသရောင်ခြည်တွေဟာ လူ့နှလုံးသားကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။
■ ဒီလေ့လာမှုကို အမေရိကန်နိုင်ငံ Wisconsin ဆေးကောလိပ်က သုတေသီတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး PLOS ONE သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့တာပါ။
■ ကြွက်တွေကို အသုံးပြုပြီး အာကာသပတ်ဝန်းကျင်ကိုစမ်းသပ်ခဲ့
■ သုတေသီတွေဟာ အာကာသထဲမှာရှိတဲ့ အလေးချိန်မဲ့အခြေအနေကို တုပဖို့ NASA ရဲ့ Hindlimb Unloading (HLU) နည်းလမ်းကိုအသုံးပြုခဲ့ပါတယ်။
■ ဒီစမ်းသပ်မှုမှာ ကြွက်တွေရဲ့ နောက်ခြေထောက်နှစ်ဖက်ကို မြေပြင်နဲ့ ၃၀ ဒီဂရီစောင်းတဲ့ အနေအထားမှာ ကြိုးနဲ့ချိတ်ဆွဲထားခဲ့ပါတယ်။ အဲဒီလို ရက်ပေါင်း ၃၀ ကြာထားခြင်းအားဖြင့် ကြွက်တွေရဲ့ ခန္ဓာကိုယ်အရည်တွေဟာ ဦးခေါင်းဘက်ကို ပိုမိုစီးဆင်းလာပြီး အောက်ပိုင်းခန္ဓာကိုယ်မှာ ကိုယ်အလေးချိန်သက်ရောက်မှု လျော့နည်းသွားစေပါတယ်။
■ ဒါဟာ အာကာသထဲက အလေးချိန်မဲ့အခြေအနေကို ကမ္ဘာပေါ်မှာ အနီးစပ်ဆုံးတုပထားတဲ့ စမ်းသပ်မှုတစ်ခုပါ။
■ အာကာသရောင်ခြည်ရဲ့ သက်ရောက်မှုကို စမ်းသပ်ဖို့အတွက်လည်း Brookhaven National Laboratory ရှိ NASA Space Radiation Laboratory ကို အသုံးပြုခဲ့ပါတယ်။ အဲဒီဓာတ်ခွဲခန်းမှာ ကမ္ဘာ့လေထုအပြင်ဘက် အာကာသပတ်ဝန်းကျင်က ရောင်ခြည်သက်ရောက်မှုတွေကို အတုယူဖန်တီးနိုင်ပါတယ်။
■ ကြွက်တွေကို အစပိုင်းမှာ ၅ ရက်ကြာ အလေးချိန်မဲ့အခြေအနေတုပြီး ထားရှိခဲ့ပါတယ်။ အဲဒီနောက် အချိန်တိုအတွင်း ပြင်းထန်တဲ့ ရောင်ခြည်ပမာဏနဲ့ ထိတွေ့စေခဲ့ပါတယ်။ အဲ့ဒီ နောက် နောက်ထပ် ၂၅ ရက်ကြာ အဲဒီအခြေအနေမှာ ဆက်လက်ထားရှိခဲ့ပါတယ်။
■ စမ်းသပ်မှုအပြီး ကြိုးတွေကို ဖြုတ်ပေးခဲ့ပြီး ကြွက်တွေကို နောက်ထပ် တစ်နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့ပါတယ်။ သုတေသီတွေရဲ့ ခန့်မှန်းချက်အရ ကြွက်တွေအတွက် တစ်နှစ်တာဟာ လူသားတွေရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင် ၂၅ နှစ်ခန့်နဲ့ ညီမျှပါတယ်။
■ ကြွက်တွေရဲ့ နှလုံးသားမှာ ပြင်းထန်တဲ့ ထိခိုက်မှုတွေ တွေ့ရှိခဲ့
■ ဒီလေ့လာမှုမှာ အဓိကစောင့်ကြည့်ခဲ့တာက နှလုံးအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်။
■ သုတေသီတွေ တွေ့ရှိခဲ့တာကတော့ စုပ်ယူရရှိတဲ့ ရောင်ခြည်ပမာဏ 1.5 Gray ရှိတဲ့ ကြွက်တွေမှာ နှလုံးသွေးကြောတွေရဲ့ ပတ်လည်မှာ အမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်လာတာပါ။
■ ဒီအခြေအနေကို Perivascular Fibrosis လို့ ခေါ်ပါတယ်။
■ အဲဒီအမာရွတ်တစ်ရှူးတွေဟာ ရက်ပေါင်း ၂၇၀ အတွင်း နှစ်ဆအထိ တိုးလာခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နှလုံးသွေးကြောတွေကို ဖိညှစ်လာပြီး နှလုံးသွေးကြောပိတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို မြင့်တက်စေနိုင်ပါတယ်။
■ ဒီထိခိုက်မှုဟာ အလေးချိန်မဲ့အခြေအနေကြောင့်မဟုတ်ဘဲ ရောင်ခြည်သက်ရောက်မှုကြောင့်သာ ဖြစ်ပေါ်ခဲ့တာလို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
■ ထူးခြားတာက အင်္ဂါဂြိုဟ်ကို သုံးနှစ်ကြာ သွားရောက်မယ့် ခရီးစဉ်တစ်ခုအတွင်း ရရှိနိုင်တဲ့ ပမာဏနဲ့ညီမျှတဲ့ ရောင်ခြည်အနည်းငယ်ကို ထိတွေ့ခဲ့တဲ့ ကြွက်တွေမှာလည်း အမာရွတ်တွေ ဖြစ်ပေါ်လာခဲ့တာပါ။
■ တစ်နှစ်ကြာ စောင့်ကြည့်ပြီးနောက် ကြွက်တွေရဲ့ ၈၃ ရာခိုင်နှုန်းမှာ အဲဒီလို အမာရွတ်တစ်ရှူးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
■ ဒါပေမဲ့ လူသားတွေမှာတော့ အလားတူ ထိခိုက်မှုတွေကို သိသိသာသာ မြင်တွေ့ရဖို့ ဆယ်စုနှစ်များစွာ ကြာနိုင်တယ်လို့ သုတေသီတွေကခန့်မှန်းထားပါတယ်။
■ အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာနိုင်
■ ဒီလေ့လာမှုမှာ ကန့်သတ်ချက်တွေတော့ ရှိနေပါတယ်။ အထူးသဖြင့် အာကာသရောင်ခြည်ပမာဏအားလုံးကို အချိန်တိုအတွင်း ပေးခဲ့တာဖြစ်လို့ တကယ့်အာကာသခရီးစဉ်မှာ ရောင်ခြည်နဲ့ တဖြည်းဖြည်း ထိတွေ့ရမယ့် အခြေအနေကို အပြည့်အဝ ကိုယ်စားမပြုနိုင်ပါဘူး။
■ ဒါ့အပြင် ကြွက်တွေမှာ တွေ့ရှိရတဲ့ ရလဒ်တွေကို လူသားတွေဆီ တိုက်ရိုက်ကူးယူပြီး ကောက်ချက်ချလို့လည်း မရသေးပါဘူး။
■ ဒါပေမဲ့ ဒီလေ့လာမှုက အာကာသခရီးရှည်တွေမှာ လူ့ခန္ဓာကိုယ်အပေါ် ဘယ်လောက်အထိ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို သတိပေးနေပါတယ်။
■ အင်္ဂါဂြိုဟ်ပေါ် လူသားတွေ အခြေချနေထိုင်နိုင်ဖို့ဆိုတာ ဂြိုဟ်ပေါ်ကို ရောက်ရှိနိုင်ရုံနဲ့ မပြီးသေးပါဘူး။ အဲဒီကိုသွားတဲ့ ခရီးစဉ်အတွင်း လူ့နှလုံးသား၊ ကိုယ်ခံအားစနစ်နဲ့ မျိုးဗီဇတွေကို ဘယ်လိုကာကွယ်မလဲဆိုတာကလည်း အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။
■ အနာဂတ်မှာ လူသားတွေ အင်္ဂါဂြိုဟ်ကို အမှန်တကယ် အခြေချနိုင်ဖို့ဆိုရင် အာကာသရောင်ခြည်နဲ့ အလေးချိန်မဲ့အခြေအနေတို့ရဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်မယ့် နည်းပညာတွေကို အရင်ဆုံး ရှာဖွေဖော်ထုတ်ဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
Source-Wion