#World_News
Published 12 March 2025

▪️ စစ်ပွဲပဋိပက္ခနဲ့ ပတ်သက်ပြီး ရက် ၃၀ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်ရဲ့ အဆိုပြုချက်ကို ယူကရိန်းလက်ခံသွားမယ်လို့ ပြောလိုက်ပြီးနောက်မှာတော့ အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့ကူညီမှုများနဲ့ ထောက်လှမ်းရေး အချက်အလက်များ မျှဝေခြင်းတို့ ပြန်လည်ပြုလုပ်သွားရန် အင်္ဂါနေ့က သဘောတူလိုက်ကြောင်း နှစ်ဖက်နိုင်ငံတွေက ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

▪️ အခုဆိုရင် ဒီကမ်းလှမ်းချက်ကို ရုရှားထံ တင်ပြသွားမှာဖြစ်ပြီး ယင်းတို့ဆုံးဖြတ်ရမယ့်အချိန် ရောက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆိုပါတယ်။

▪️ "ရုရှားတို့ အမြန်ဆုံးသဘောတူလက်ခံဖို့ မျှော်လင့်ပါတယ်။ ဒါမှ တကယ့်ညှိနှိုင်းရေးဖြစ်တဲ့ ဒုတိယအဆင့်ကို သွားနိုင်မှာဖြစ်တယ်" လို့ ရူဘီယိုက သတင်းထောက်တွေကို ပြောပါတယ်။

▪️ လက်ရှိမှာ ရုရှားတို့က ၂၀၁၄ခုနှစ်က တိုက်ခိုက်သိမ်းယူထားတဲ့ ခရိုင်းမီးယားအပါအဝင် ယူကရိန်းနယ်မြေအားလုံးရဲ့ ၅ ပုံ ၁ ပုံခန့်ကို ထိန်းချုပ်ထားပါတယ်။

▪️ အမေရိကန်အနေနဲ့ ရုရှားရော ယူကရိန်းနဲ့ပါ အမြန်ဆုံး အပြည့်အဝသဘောတူညီချက် ရလိုတယ်လို့ ရူဘီယိုက ပြောပါတယ်။

▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြိမ်းချမ်းရေးသဘောတူညီချက် ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုပေမယ့် အပစ်အခတ်ရပ်စဲရေးကိုတော့ ဆန့်ကျင်ပြီး ရုရှားရေရှည်လုံခြုံရေး ခိုင်မာစေမယ့် သဘောတူညီချက်မျိုး ကြိုးပမ်းသွားမယ်လို့ အကြိမ်ကြိမ်ဆိုထားပါတယ်။

▪️ ပူတင်က သိမ်းထားတဲ့မြေတွေကနေ ဆုတ်ခွာမှာမဟုတ်ဘဲ ရုရှားမှ ထိန်းချုပ်နေတဲ့မြေတွေကနေ ယူကရိန်း ဆုတ်ခွာရမယ်လို့ ပြောထားပါတယ်။

▪️ ဆွေးနွေးမှုမှာ မပါဝင်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီက အပစ်အခတ်ရပ်စဲရေးဟာ အပြုသဘောဆောင်တဲ့ အဆိုပြုချက်ဖြစ်ပြီး ရေကြောင်းလေကြောင်းတွေသာမက ပဋိပက္ခရှေ့တန်းအထိပါ ပါဝင်နေတယ်လို့ ပြောပါတယ်။

▪️ ရုရှားဘက်မှ သဘောတူတာနဲ့ အပစ်အခတ်ရပ်စဲရေး ချက်ချင်းအသက်ဝင်မှာဖြစ်ပါတယ်။

▪️ သဘောတူညီချက်ရသွားမယ်ဆိုရင် ရက် ၃၀ အတွင်းမှာ ရေရှည်ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်အားလုံးကို မဟာမိတ်များနဲ့အတူ ပြင်ဆင်ဖို့အချိန်ရမှာဖြစ်တယ်လို့ ဇယ်လန်စကီဆိုပါတယ်။

#Source: Reuters