#World_News
Published 22 January 2025
▪️ အမေရိကန်မှာ မွေးဖွားသူများ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုကို ဒီမိုကရက်တစ်ဦးဆောင်တဲ့ ပြည်နယ်များနဲ့ အရပ်ဘက် လူ့အခွင့်အရေး အဖွဲ့အစည်းများက ပိတ်ဆို့ရန်အတွက် အင်္ဂါနေ့က တရားရုံးမှာ စွဲဆိုချက်အများအပြား တင်သွင်းခဲ့ပါတယ်။
▪️ တနင်္လာနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ရီပတ်ဘလစ်ကန်နိုင်ငံရေးသမား ထရမ့်က အမေရိကန်အေဂျင်စီများကို ညွှန်ကြားခဲ့ရာမှာ အမေရိကန်မှာ မွေးဖွားသူများအနေနဲ့ ယင်းတို့ရဲ့ အဖေ သို့မဟုတ် အမေက အမေရိကန်နိုင်ငံသား သို့မဟုတ် တရားဝင်အမြဲတမ်းနေထိုင်သူ မဟုတ်ပါက နိုင်ငံသားဖြစ်ခွင့် မပေးခိုင်းထားပါဘူး။
▪️ ကိုလံဘီယာခရိုင်၊ ဆန်ဖရန်ဆစ္စကိုမြို့နဲ့အတူ ဒီမိုကရက်တစ်ဦးဆောင်တဲ့ ပြည်နယ် ၂၂ ခုက ဘော့စ်တွန်နဲ့ ဆီအက်တယ်လ်ရှိ ဖက်ဒရယ်တရားရုံးတွေမှာ တရားစွဲဆိုချက်များ တင်သွင်းခဲ့ပြီး ထရမ့်ဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
▪️ ထရမ့်ကနေ သမ္မတအမိန့်များ လက်မှတ်ရေးထိုးပြီး နာရီပိုင်းအတွင်းမှာပဲ အမေရိကန် အရပ်ဘက် လစ်ဘာတီသမဂ္ဂ၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်းတွေကနေလည်း အလားတူစွဲဆိုချက်မျိုး တင်သွင်းခဲ့ပါတယ်။
▪️ ထရမ့်ကြိုးပမ်းနေတဲ့ လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုကြီးရဲ့ ဗဟိုချက်တစ်ခုကို ဦးတည်ပြီး စွဲဆိုလာကြတာ ဖြစ်ကာ ထရမ့်ညွှန်ကြားချက်အတိုင်း ဆက်ရှိနေပါက အမေရိကန်မှာ နှစ်စဉ်မွေးဖွားနေတဲ့ ကလေးပေါင်း ၁ သိန်းခွဲကျော်ဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှာဖြစ်ကြောင်း မာဆာချူဆက်စ် ရှေ့နေချုပ် အန်ဒရီယာဂျွိုင်းကမ့်ဘဲလ်ရုံးက ပြောပါတယ်။
▪️ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးတဲ့သူတွေဟာ ဖက်ဒရယ်အစီအစဉ်တွေဖြစ်တဲ့ Medicaid ကျန်းမာရေးအာမခံ၊ အရွယ်ရောက်လာတဲ့အခါ ဥပဒေနည်းအရ အလုပ်လုပ်ခြင်း မဲဆန္ဒပေးခြင်းတို့ ရရှိမှာမဟုတ်ပါဘူး။
▪️ အခုလို တရားစွဲဆိုချက် တင်သွင်းရတာဟာ ပြည်သူတွေနဲ့ အခြေခံဖွဲ့စည်းပုံ ရပိုင်ခွင့်များအတွက် ရပ်တည်မယ်ဆိုတာကို ထရမ့်အစိုးရအဖွဲ့ထံ အသိပေးလိုက်တာ ဖြစ်တယ်လို့ နယူးဂျာစီ ရှေ့နေချုပ် မက်သရူးပလက်ကင်က ဖော်ပြသွားပါတယ်။
▪️ နောက်ထပ်စွဲဆိုချက်များလည်း တင်ပြလာနိုင်ဖွယ်ရှိသလို အီလွန်မက်စ်ဦးဆောင်တဲ့ အစိုးရသက်သာထိရောက်ရေးဌာနကို စွပ်စွဲထားတဲ့ အမှုတွေလည်းရှိနေပြီး အရပ်သားလုပ်သားများအတွက် ကာကွယ်ခွင့်လျော့ပါးလာစေတဲ့ ထရမ့်ရဲ့အမိန့်လည်း ပါဝင်ပါတယ်။
▪️ ယခုစွဲဆိုချက်တွေမှာ ထရမ့်ရဲ့ညွှန်ကြားချက်က အမေရိကန် အခြေခံဖွဲ့စည်းပုံ ပြင်ဆင်ဖြည့်စွက်ချက်-၁၄ နိုင်ငံသားဖြစ်ခွင့်အပိုဒ်ကို ချိုးဖောက်ရာကျတယ်လို့ ဆိုထားပါတယ်။
#Source: Reuters