#World_News
Published 24 June 2025

▪️ အစ္စရေးလ်နဲ့ အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးက ယခုစတင်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး နှစ်နိုင်ငံစလုံးအနေနဲ့ ဒါကိုမချိုးဖောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

▪️ ဒီမတိုင်ခင် နာရီပိုင်းအတွင်းကပဲ အီရန်က ဒုံးကျည်များဖြင့်ပစ်ခတ်သဖြင့် လူ ၄ ဦးသေဆုံးခဲ့ကြောင်း အစ္စရေးလ်လူနာတင်ယာဉ်အဖွဲ့က ဆိုပါတယ်။

▪️ ထရမ့်မကြေညာခင် အစ္စရေးလ်တောင်ပိုင်း တဲလ်အဗစ်နဲ့ ဘီယာရှီဘာအနီးမှာ ပေါက်ကွဲသံများ ကြားခဲ့ရတာတွေ ရှိပါတယ်။

▪️ အပစ်အခတ်ရပ်စဲရေး မကြေညာခင်လေးမှာပဲ အီရန်က နောက်ဆုံးအနေဖြင့် ဒုံးကျည်များပစ်ခတ်ခဲ့တယ်လို့ အီရန်မှ SNN သတင်းဌာနက ဖော်ပြထားပါတယ်။

▪️ အီရန်ဘက်က နောက်ထပ်တိုက်ခိုက်မှု မလုပ်ဘူးဆိုရင် အစ္စရေးလ်က အပစ်အခတ်ရပ်စဲရေးကို သဘောတူညီကြောင်း ထရမ့်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူနဲ့ ဖုန်းပြောဆိုညှိနှိုင်းခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောပါတယ်။

▪️ ၁၂ ရက်ကြာစစ်ပွဲကို အဆုံးသတ်ဖို့ရာ ရဲစွမ်းသတ္တိနဲ့ အမြော်အမြင်ရှိတဲ့အတွက် အစ္စရေးလ်ရော အီရန်ကိုပါ ဂုဏ်ပြုလိုကြောင်း ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။

▪️ အင်္ဂါနေ့ အီရန်စံတော်ချိန် နံနက် ၄ နာရီမတိုင်ခင်မှာ အစ္စရေးလ်အနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုရင် အီရန်ကလည်း ဆက်ပြီးတုံ့ပြန်တိုက်ခိုက်ဖို့ မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်အာရက်ခီက အင်္ဂါနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။

▪️ အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်ရာမှာ ဒုံးကျည် ၁၄ စင်းပစ်ခတ်ခဲ့ပေမယ့် အလွန်အားနည်းခဲ့ပြီး ထိရောက်စွာ ခုခံနိုင်ခဲ့တယ်လို့ ထရမ့်ကပြောပါတယ်။

▪️ အမေရိကန်အစိုးရက ယင်းတို့ဟာ အီရန်နျူကလီးယားအစီအစဉ်ကိုသာ ဖျက်ဆီးရန်ရည်ရွယ်ပြီး စစ်ပွဲဖြစ်ရန်မလိုလားဘူးလို့ ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။