#World_News
Published 02 August 2024


▪️ အမေရိကန်က ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံ ရွေးကောက်ခံကိုယ်စားလှယ် အက်ဒ်မွန်ဒိုဂွန်ဇာလက်ဇ်ကို အနိုင်ရသူအဖြစ် အသိအမှတ်ပြုလိုက်ပြီးနောက် ဗင်နီဇွဲလား ရွေးကောက်ပွဲအာဏာပိုင်များအနေနဲ့ သမ္မတ နီကိုလက်စ်မက်ဒူရိုကို သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာချက် ထုတ်ခဲ့တဲ့အပေါ် သက်သေအထောက်အထားပြဖို့ ဖိအားများလာပါတယ်။

 

▪️ မက်ဒူရိုရဲ့ နီးစပ်တဲ့မိတ်ဖက်များ အပါအဝင် အစိုးရအဖွဲ့တွေက ဗင်နီဇွဲလား နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကောင်စီကို မဲအရေအတွက်များ အတိအကျ ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပြီးနောက် အမေရိကန်ကလည်း အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

 

▪️ ရွေးကောက်ပွဲကော်မတီက တနင်္လာနေ့မှာ မက်ဒူရိုကို အနိုင်ရသူအဖြစ် ကြေညာခဲ့ပေမယ့် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က မဲစာရင်း ၃ ပုံ ၂ ပုံကျော်မှာတော့ မဲဆန္ဒတွေက ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အထောက်အထား ရှိထားတယ်လို့ နာရီပိုင်းအကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

▪️ အထောက်အထား အများအပြားအရ အက်ဒ်မွန်ဒိုဂွန်ဇာလက်ဇ်အာရူရှာဟာ ဇူလိုင် ၂၈ ရက်နေ့ ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တယ်ဆိုတာ အမေရိကန်ရော ဗင်နီဇွဲလားပြည်သူတွေရော သိနေကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားသွားပါတယ်။

 

▪️ ရွေးကောက်ပွဲမှ မဲရေတွက်မှုတွေကို ထုတ်ပြန်ရန် မက်ဒူရိုကို သံတမန်ရေးအရ ဖိအားပေးလာကြပြီး မဲရလဒ်များကို ပြင်ပမှ သုံးသပ်ပေးရန် တောင်းဆိုလာကြရာ အမေရိကန်အစိုးရက ယခုလို ပါဝင်လာပါတယ်။

 

▪️ ဘရာဇီးလ်၊ ကိုလံဘီယာ၊ မက္ကဆီကိုအစိုးရတို့က ဗင်နီဇွဲလားအနေနဲ့ ရွေးကောက်ပွဲ မဲပေးမှုအချက်အလက်များကို ချပြရန် ဗင်နီဇွဲလားအစိုးရအဖွဲ့ကို တောင်းဆိုကြောင်း ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

 

▪️ တနင်္လာနေ့မှာ ရွေးကောက်ပွဲကောင်စီက မက်ဒူရိုကို ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် ကြေညာပြီးနောက် အတိုက်အခံလိုလားသူများက လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

 

▪️ ဆန္ဒပြသူ ရာနဲ့ချီအဖမ်းခံခဲ့ရပြီး ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဗင်နီဇွဲလားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်း ဖိုရိုပီနယ်က ပြောပါတယ်။

 

▪️ ရွေးကောက်ပွဲအာဏာပိုင်များက မဲအရေအတွက်များကို ဘာကြောင့်မထုတ်ပြန်လဲလို့ မေးမြန်းရာ ရွေးကောက်ပွဲကောင်စီဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ အပါအဝင် ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုလိုက်ပါတယ်။

 

#Source: AP News