Published 29 May 2024
ယူကရိန်းကို အနောက်နိုင်ငံများမှ လက်နက်များ အသုံးပြုစေပြီး ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ဖို့ အကြံပြုကြတဲ့ ဥရောပမှ နေတိုး(NATO)အဖွဲ့ဝင်များဟာ မီးနဲ့ကစားနေတာ ဖြစ်လိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့မှာ သတိပေးလိုက်ပြီး တစ်ကမ္ဘာလုံးမှာ ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
ယူကရိန်းမှာ ရုရှားတပ်တွေ ဆက်လက်ချီတက်လာတာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံက ဘယ်လိုလုပ်မလဲဆိုတာကို ကြိုးပမ်းလျက်ရှိရာ ပဋိပက္ခက တစ်ကမ္ဘာလုံးထံသို့ ကျယ်ပြန့်လာနိုင်ကြောင်း ပူတင်က ပြောကြားလာပါတယ်။
ယူကရိန်းအနေနဲ့ အနောက်နိုင်ငံမှ လက်နက်များ အသုံးပြုပြီး ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ဖို့ကို နေတိုးအဖွဲ့ဝင်များက ခွင့်ပြုသင့်တယ်လို့ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ယန်းစ်စတိုလ်တန်ဘာ့ဂ်က ပြောလိုက်ပြီး ဒီအမြင်ကို အချို့အဖွဲ့ဝင်များက ထောက်ခံနေကြပါတယ်။
တင်းမာမှုတွေ ဆက်တိုက်မြင့်တက်နေရင် အကျိုးဆက်တွေ ဆိုးရွားလာလိမ့်မယ်လို့ ပူတင်က ဥဇဘက်မြို့တော်မှာ သတင်းထောက်များကို ပြောပါတယ်။
ယူကရိန်းက တာဝေးပစ်လက်နက်များဖြင့် ရုရှားကို တိုက်ခိုက်မယ်ဆိုရင် အနောက်နိင်ငံတွေရဲ့ ဂြိုဟ်တု၊ ကင်းထောက်စနစ်များနဲ့ စစ်ရေးအကူအညီများ လိုအပ်တာကြောင့် အနောက်နိုင်ငံတွေက တိုက်ရိုက်ပါဝင် ပတ်သက်လာမှာဖြစ်သလို ယူကရိန်းထံသို့ ပြင်သစ်တပ်များ စေလွှတ်တာကလည်း တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ ဖြစ်လာစေနိုင်တယ်လို့ ပူတင်က ဆိုပါတယ်။
နေတိုးအဖွဲ့ဝင် နိုင်ငံငယ်လေးတွေအနေနဲ့ ယင်းတို့ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ သိထားသင့်တယ်လို့ ပြောပါတယ်။
ယူကရိန်းတို့က ရုရှားမြို့တွေ၊ ရေနံချက်စက်ရုံတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ ရုရှားအနေနဲ့ သည်းမခံနိုင်ဖြစ်နေကြောင်း ရုရှားအရာရှိများက ဆိုပါတယ်။
ယူကရိန်းသမ္မတ တရားဝင်သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံပိုင်ရုပ်သံက မေးမြန်းရာမှာ ယခုအချိန် ယူကရိန်းမှာ တရားဝင်အသိအမှတ်ပြု အာဏာပိုင်ဆိုလို့ ပါလီမန်လွှတ်တော်သာ ရှိကြောင်း ပူတင်က ပြောပြသွားပါတယ်။
Source: Reuters
#World_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group