#World_Health
Published 25 October 2023


ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းနဲ့ အခြားလှုပ်ရှားမှုများ ပြုလုပ်စဥ် ကျောရိုး၊ အဆစ်အမြစ်၊ ကြွက်သား စတဲ့ အစိတ်အပိုင်းများ နေရာတကျ ရှိတာနဲ့ပတ်သက်ပြီး ကိုယ်နေဟန်ထားလို့ ခေါ်ကြပါတယ်။

 

ခန္ဓာကိုယ် ကိုယ်နေဟန်ထား မှန်ကန်အောင် နေခြင်းဖြင့် ကြွက်သား၊ အရိုး၊ အရွတ်တွေအပေါ် ဖိအားသက်ရောက်မှု လျော့နည်းစေကာ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပါတယ်။

 

ကိုယ်နေဟန်ထား မှန်ကန်စွာနေထိုင်ခြင်းဖြင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့..


 
(၁) ကျောရိုးမကြီး နေရာတကျရှိစေကာ ခါးကိုင်းခြင်း ခါးစောင်းခြင်းတို့ ဖြစ်နိုင်ချေ လျော့နည်းစေပါတယ်။

 

(၂) အဆုတ်ကို အပြည့်အဝ ချဲ့စေနိုင်တာကြောင့် အောက်ဆီဂျင်ပြည့်ဝစေပြီး အသက်ရှူခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။

 

(၃) ကျောရိုးမရဲ့ သဘာဝပုံစံကို ထောက်ပံ့ပေးကာ ကျောနဲ့ လည်ပင်းကြွက်သားများအပေါ် ဖိအားလျော့ပါးစေပါတယ်။

 

(၄) သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အောက်ဆီဂျင် ကောင်းစွာရရှိစေတာကြောင့် စွမ်းအင်ကိုမြှင့်တင်ပေးပါတယ်။

 

(၅) အစာခြေခြင်းကို အထောက်အကူ ဖြစ်စေပြီး အက်ဆစ်လျှံတက်ခြင်း ဝမ်းပိတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

 

(၆) ခံစားချက်နဲ့ စိတ်အခြေအနေကို ကောင်းမွန်စေကာ နွမ်းနယ်ခြင်း၊ ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို သက်သာစေပါတယ်။

 

(၇) ဦးနှောက်သို့ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးကာ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။

 

(၈) ကြွက်သားများ ထိခိုက်ခြင်းမှ ကာကွယ်ပေးပြီး ကြွက်သားခွန်အားနဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကာကွယ်ပေးပါတယ်။


(၉) ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေကာ အာဟာရဓာတ်များ ပေးပို့ခြင်း အညစ်အကြေး ဖယ်ရှားခြင်းတို့ ပြုလုပ်ပေးပြီး နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

 

(၁၀) ကြွက်သားအရိုးငြမ်း ပြဿနာများ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးပါတယ်။


 
ကိုယ်နေဟန်ထား မှန်ကန်အောင် နေထိုင်နိုင်မယ့် နည်းလမ်းများကတော့..

 

(၁) ပခုံးကိုမတ်အောင်ထားပြီး စိတ်လျော့ထားပါ။ မျက်နှာကို ရှေ့သို့မူကာ ကျောရိုးနဲ့ တည့်အောင်ထားပါ။

 

(၂) ကျောကိုမတ်အောင်ထိုင်ပါ။ ကျောရိုးကို ထောက်ပံ့နိုင်အောင် ခုံနဲ့ထိုင်ပါ။ ခြေဖဝါးကို အောက်ခြေနဲ့ ကပ်နေအောင်ထားပါ။

 

(၃) ရှေ့သို့ စောင်းနေခြင်း၊ ခွေနေခြင်းမျိုး မဖြစ်စေဘဲ အစိတ်အပိုင်းအားလုံး မျှနေအောင်ထားပါ။

 

(၄) အချိန်ကြာမြင့်စွာ ထိုင်နေခြင်း၊ ရပ်နေခြင်း မပြုပါနှင့်။ အနားယူပြီး အကြောလျှော့ခြင်းမျိုး ပြုလုပ်ပါ။

 

(၅) လက်ကိုင်ဖုန်း၊ ကွန်ပျူတာတို့ကို ငုံ့မကြည့်ဘဲနဲ့ မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်အောင်ထားပါ။

 

#World_Health #ကိုယ်နေဟန်ထား #ကျန်းမာရေးအကျိုးကျေးဇူးများ #Source: DoctorNDTV