#World_Politics
Published 7 July 2023


ထိုင်းနိုင်ငံမှ Move Forward Party (MFP)ပါတီခေါင်းဆောင် 'ပီတာလင်မ်ဂျရိုအင်ရတ်'ကို အထက်လွှတ်တော်အမတ်အများအပြားက ဝန်ကြီးချုပ်သစ်နေရာအတွက် ထောက်ခံမဲပေးတော့မှာ မဟုတ်ဘဲ နောက်ပြန်ဆုတ်နေကြပြီ ဖြစ်ပါတယ်။

 

MFP ပါတီရဲ့ နိုင်ငံရေးမူဝါဒများ၊ အထူးသဖြင့် ဘုရင်မင်းမြတ်အား စော်ကားမှုဥပဒေ ပြောင်းလဲရေးနဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲရေးတို့အပေါ် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

 

ပီတာကို မဲပေးမယ်လို့ ကတိပြုထားကြပေမယ့် ရာဇဝတ်မှုကျင့်ထုံး ဥပဒေပုဒ်မ ၁၁၂ ဖြစ်တဲ့ ဘုရင်မင်းမြတ်အား စောက်ကားခြင်းဥပဒေအပေါ် ပြောင်းလဲတာနဲ့ ပတ်သက်တဲ့ ပါတီရပ်တည်ချက်ကြောင့် စိတ်ပြောင်းသွားပုံ ပေါ်ပါတယ်။

 

ဒီဥပဒေပုဒ်မ ၁၁၂ ကို ပြောင်းလဲဖို့ကြိုးစားတာဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေနိုင်တာက အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်နေပါတယ်လို့ အထက်လွှတ်တော်အမတ် 'ပရာပန်ကွန်မီ'က ပြောကြားလိုက်ပါတယ်။

 

"ထိုင်းနိုင်ငံက နိုင်ငံတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေတာပါ။ မစ္စတာပီတာသာ အာဏာရသွားရင် အင်အားကြီးနိုင်ငံဘက်ကို ယိမ်းယိုင်လာတဲ့ နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှု ဖြစ်လာနိုင်တယ်" လို့ ဆိုပါတယ်။

 

ပီတာဟာ iTV Plc မှာ အရင်က ရှယ်ယာပါခဲ့တာကြောင့် ဝန်ကြီးချုပ်ရွေးကောက်ခံခွင့်ရှိမှုအပေါ် မေးခွန်းထုတ်နေခဲ့ကြပါတယ်။

 

ဒါ့အပြင် MFP ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းနေတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

 

ပုဒ်မ ၁၁၂ အပေါ် MFP မူဝါဒထားရှိခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၉ ကို ချိုးဖောက်ရာကျတယ်လို့ အစိုးရရှေ့နေချုပ်ရုံးမှ ရှေ့နေ'ထရာယုဆူဝမ်ကက်ဆွန်'က အခိုင်အမာဆိုလိုက်ပါတယ်။

 

ဇူလိုင် ၁၃ ရက်နေ့မှာ ကျင်းပရန်စီစဉ်ထားတဲ့ ပူးတွဲပါလီမန်လွှတ်တော်မှာ မစ္စတာပီတာအတွက် မဲပေးမှာလားဆိုတာကို အထက်လွှတ်တော် ၂၄ ဦးကို မေးမြန်းခဲ့ကြပါတယ်။

 

ထိုထဲမှာ သူ့ကိုမဲပေးမယ်လို့ အရင်ကကတိပြုခဲ့သူ ၁၄ ဦးပါဝင်နေပါတယ်။

 

ဆုံးဖြတ်ချက်မချခင်မှာ MFP ရဲ့မူဝါဒတွေက တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်စေမှာလား ဆိုတာကို သုံးသပ်ကြည့်ချင်ကြောင်း အထက်လွှတ်တော်အမတ် 'ဝီရာဆက်ဖူထရာကူ'က ပြောပြသွားပါတယ်။

 

နောက်ထပ် လွှတ်တော်အမတ်တစ်ဦးကလည်း အရင်က ပီတာကို မဲပေးဖို့ဆုံးဖြတ်ခဲ့ပေမယ့် ပုဒ်မ ၁၁၂ ကိစ္စကြောင့် စိတ်ပြောင်းလဲသွားရတယ်လို့ ဝန်ခံလိုက်ပါတယ်။

 

နောက်ထပ်တစ်ဦးပြောပြရာမှာ မစ္စတာပီတာအနေနဲ့ ပုဒ်မ ၁၁၂ ကို မပြောင်းလဲဘူးလို့ ကြေညာမှသာ ဝန်ကြီးချုပ်ဖြစ်လာနိုင်ပါတယ်လို့ ဆိုပါတယ်။

 

#World_Politics #ပီတာလင်မ်ဂျရိုအင်ရတ်အားဝန်ကြီးချုပ်အသစ်
#Source: Bangkok Post #Yangon_Times