#World_News
Published 24 June 2023


ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာနေတဲ့ 'ကက်သေပစိဖိတ်'လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ စနေနေ့က တာယာဘီးပေါက်ထွက်သွားပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ လေယာဉ်ထွက်ခွာမှုကိုဖျက်သိမ်းခဲ့ရပါတယ်။

 

ဟောင်ကောင်မှ လော့စ်အိန်ဂျလိစ်သို့ပျံသန်းမယ့် ခရီးစဉ် CX880 ဟာ လေယာဉ်ဝန်ထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၉၃ ဦး လိုက်ပါခဲ့ပါတယ်။

 

လေယာဉ်တာယာဘီးတစ်ခုက အပူလွန်ပြီး ပေါက်ကွဲခဲ့ကာ လေယာဉ်ပေါ်ရှိ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ညသန်းခေါင် ၁၂ နာရီ ၅၁ မိနစ်မှာ ရဲတွေက ဖုန်းလက်ခံရရှိခဲ့ကြောင်းဆိုပါတယ်။

 

လူနာတင်ကားတွေ ထိုနေရာသို့ရောက်လာကာ ဒဏ်ရာရသူများကို ပရင့်ဆက်စ်မာဂရက်ဆေးရုံနဲ့ မြောက်လန်ထောင်ဆေးရုံများသို့ ပို့ဆောင်ခဲ့ပါတယ်။

 

လေယာဉ်ဝန်ထမ်းတွေမှ နည်းပညာပိုင်းပြဿနာကို တွေ့ရှိပြီးနောက် စံညွှန်းလုပ်ထုံးများနဲ့အညီ လေယာဉ်ထွက်ခွာမှုကို ဖျက်သိမ်းခဲ့ကြောင်း ကက်သေပစိဖိတ်မှ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

 

လေဆိပ်ဂိတ်သို့ လေယာဉ်ပြန်ရောက်ပြီးနောက် ဝန်ထမ်းများက ခရီးသည်များကို သတိထားပြီးထွက်ခွာခိုင်းခဲ့ပါတယ်။

 

ဆေးရုံရှိ ကုသမှုလိုအပ်တဲ့ခရီးသည်တွေကို အကူအညီပေးရန် ကက်သေပစိဖိတ်မှဝန်ထမ်းများ ရောက်ရှိနေပြီး ဆက်လက်ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။

 

ခရီးသည်တွေရဲ့ခရီးစဉ် အနှောင့်အယှက်ဖြစ်ရတဲ့အတွက် အနူးအညွတ်တောင်းပန်ကြောင်း၊ အာဏာပိုင်များနဲ့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားလိုက်ပါတယ်။

 

ဒါ့အပြင် လေကြောင်းလိုင်းက ခရီးသည်တွေအတွက် ဟိုတယ်မှာညပိုင်းနေထိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။

 

လော့စ်အိန်ဂျလိစ်သို့ သွားရောက်မယ့် ခရီးစဉ် CX880 အတွက် နောက်ထပ်လေယာဉ်တစ်စင်း စီစဉ်ပေးခဲ့ကာ စနေနေ့ နံနက် ၁၀ နာရီမှာ ထွက်ခွာရန် သတ်မှတ်လိုက်ပါတယ်။

 

လေယာဉ်ပေါ်မှ ကျန်ရှိတဲ့ခရီးသည် ၂၇၅ ဦးကတော့ ဒဏ်ရာမရရှိခဲ့ဘူးလို့ အတည်ပြုခဲ့ပါတယ်။

 

Source: South China Morning Post #World_News #လေယာဉ်တာယာဘီးပေါက်ထွက်သဖြင့် လူ ၁၁ ဦးဒဏ်ရာရ
#Yangon_Times