#World_Disaster
Published 15 February 2023

 

တူရကီ-ဆီးရီးယားငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး တစ်ပတ်ကျော်အကြာ အင်္ဂါနေ့မှာ အပျက်အစီးများကြားကနေ အသက်ရှင်ကျန်ရစ်သူ ၉ ဦးကို ကယ်ဆယ်ရရှိခဲ့ပါတယ်။

 

အခုဆိုရင် အအေးဒဏ်ခံနေရပြီး နေစရာမဲ့ စားစရာမလုံလောက်ဖြစ်နေတဲ့လူတွေကို ကူညီဖို့ အာရုံစိုက်ဆောင်ရွက်နေကြပါတယ်။

 

အဆိုပါငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားတို့မှာ မြို့များပျက်စီးခဲ့ပြီး သေဆုံးသူစာရင်း ၄၁,၀၀၀ ကျော်သွားပြီဖြစ်ကာ အေးခဲလုနီးပါးဆောင်းရာသီကာလအတွင်း အသက်ရှင်ကျန်ရစ်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။

 

ပြင်းအား ၇.၈ အဆင့်ရှိငလျင်လှုပ်ခတ်စဉ်က ကနဦးတုန့်ပြန်ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ တူရကီသမ္မတ'တာယစ်အာဒိုဂန်'က ဝန်ခံခဲ့ပေမယ့် အခုတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

ဒါဟာ ဒီနိုင်ငံထဲမှာတင်မဟုတ်ဘဲ လူသားမျိုးရိုးသမိုင်းမှာပါ အပြင်းထန်ဆုံးသဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း အန်ကာရာမြို့မှာ ရုပ်သံမိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

အင်္ဂါနေ့က ကယ်ဆယ်တွေ့ရှိခဲ့သူတွေဟာ အပျက်အစီးတွေထဲမှာ နာရီပေါင်း ၂၀၀ ကျော်အောင် ရှိနေခဲ့တာဖြစ်ပြီး နောက်ထပ်ရှင်ကျန်သူတွေ ရှိနေနိုင်သေးတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

 

ကုလသမဂ္ဂအာဏာပိုင်တွေကတော့ ကယ်ဆယ်ရေးအစီအစဉ်တွေက အဆုံးသတ်တော့မှာဖြစ်ပြီး နေရေးထိုင်ရေး၊ စားစရာနဲ့ စာသင်ကြားရေးကိစ္စတွေဘက်သို့ အာရုံစိုက်နေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

"လူတွေ အတော်လေးဒုက္ခခံနေရပါတယ်၊ နေစရာတဲ၊ အကူအညီတစ်ခုခုတောင်းခံထားပေမယ့် ဘာမှမရရှိသေးပါဘူး" လို့ တူရကီအရှေ့တောင်ပိုင်းမြို့ဂါဇန်တပ်ရှိ ကစားကွင်းတစ်ခုမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တစ်ဦးက ပြောပြသွားပါတယ်။

 

လိုအပ်ချက်တွေက အလွန်များပြားပြီး တဖြည်းဖြည်းတိုးလာကြောင်း၊ ၂ နိုင်ငံစလုံးမှ လူ ၂၆ သန်းခန့်ဟာ လူသားချင်းထောက်ထားစာနာမှုအကူအညီ လိုအပ်နေကြောင်း WHO ဥရောပဆိုင်ရာညွှန်ကြားရေးမှူး'ဟန်းစ်ဟင်နရီကလူဂေး'က ပြောကြားခဲ့ပါတယ်။

 

ချမ်းအေးတဲ့ရာသီဥတု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကူးစက်ရောဂါများနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာများ အရေးပေါ်ကြုံတွေ့နေရပါတယ်။

 

လူပေါင်း ၂.၂ သန်းကျော်ဟာ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့နေရာတွေကနေ ထွက်ခွာလာရပြီး အဆောက်အအုံပေါင်းသိန်းချီပြီး နေထိုင်လို့မရတော့ပါဘူး။

 

Source: Reuters
#Yangon_Media_Group