#World_Business
Published 23 August 2022

 

တောင်ကိုရီးယား၌ လက်ရှိနှစ်များအတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးဖြစ်နေပြီး ကြက်သားဈေးတက်နေပေမယ့် ဆိုင်တစ်ဆိုင်ကတော့ ဈေးချပြီးရောင်းပေးနေပါတယ်။

 

နိုင်ငံရဲ့ဒုတိယအကြီးမားဆုံးလက်လီရောင်းချရေးလုပ်ငန်း Homeplus က ကုန်ဈေးနှုန်းကြောင့် စားသုံးသူများစိတ်ညစ်နေရတဲ့အချိန်မှာ ကြက်ကြော်ရောင်းချတဲ့ ဈေးနှုန်းကို ၃ ပုံ ၂ ပုံလောက်အထိ လျှော့ချခဲ့ပါတယ်။

 

တောင်ကိုရီးယားပြည်သူတွေဟာ အစားအစာချွေတာဖို့ နည်းလမ်းမရှိတော့ဘဲ လျှော့ဈေးနဲ့ရောင်းနေတဲ့ ကြက်သားဝယ်ယူနိုင်ရန် အချိန်နာရီနဲ့ကြာအောင် တန်းစီစောင့်ဆိုင်းကြရပါတယ်။

 

Homeplus ဆိုင်တစ်ဆိုင်ရှေ့က တန်းစီနေတဲ့လူတွေထဲမှာ အရှေ့ကလူတွေကတော့ စောင့်ရကျိုးနပ်ပေမယ့် အနောက်ကလူတွေအတွက်တော့ အချိန်ကုန်ရုံပဲရှိပါတယ်။

 

ကုန်ဈေးနှုန်းမြင့်တက်နေတဲ့ အခြေအနေကနေ Homeplus က အကျိုးအမြတ်များရရှိအောင် အကောင်အထည်ဖော်လိုက်တာပဲဖြစ်ပါတယ်။

အောင်မြင်ခဲ့ရင်တော့ ဆိုင်ခွဲပေါင်း ၁၄၀ လောက်ရှိတဲ့ Homeplus ဟာ တိုင်းပြည်ဈေးကွက်မှာ ရှယ်ယာတန်ဖိုးမြင့်တက်လာနိုင်မှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နေတဲ့ ကိုရီးယားဗဟိုဘဏ်အစိုးရအတွက် မမျှော်လင့်ဘဲ စီးပွားရေးမိတ်ဖက်ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

 

"Homeplus က ကြက်ကြော်တွေကို အတော်လေးဈေးလျှော့ပြီး ရောင်းချနေတာကြောင့် အခြားလုပ်ငန်းရှင်တွေအနေနဲ့ ဈေးမလျှော့နိုင်ရင်တောင် အနည်းဆုံးဈေးမတက်အောင်ထိန်းသိမ်းဖို့ ဖိအားတွေသက်ရောက်လာမယ် ထင်ပါတယ်" လို့ အောက်စ်ဖို့ဒ်စီးပွားရေးတက္ကသိုလ်မှ ပညာရှင်'လွိုက်ချန်း'က ပြောပြခဲ့ပါတယ်။

 

တောင်ကိုရီးယားဟင်းလျာတွေထဲမှာ ကြက်သားက အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး အစားအသောက်မှာယူရာမှာလည်း ကြက်သားပါဝင်တဲ့အစားအစာတွေဟာ ပီဇာ၊ ဟမ်ဘာဂါ၊ တရုတ်အစားအစာများကိုကျော်လွန်ပြီး နံပါတ် ၁ ရွေးချယ်မှု အများဆုံးဖြစ်ပါတယ်။

 

နိုင်ငံအနှံမှာ ကြက်သားရောင်းချတဲ့ ဆိုင်ပေါင်းများစွာနဲ့ ကြက်ကြော်၊ ဘီယာရောင်းချတဲ့နေရာများစွာ ရှိနေပါတယ်။

 

ဒါပေမဲ့ လက်တလောကာလအတွင်း ဈေးနှုန်းအဆမတန်မြင့်တက်လာခဲ့ကာ အခြားအစားအစာများထက် ကြက်သားက ပိုပြီးဈေးတက်လာတာဖြစ်ပါတယ်။

 

တောင်ကိုရီးယားနာမည်အကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ BBQ Chicken မှထုတ်လုပ်တဲ့ နာမည်ကြီးသံလွင်ကြက်ကြော်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဝမ် ၁၆,၀၀၀ သာရှိခဲ့ပြီး အခုဆိုရင် ဝမ် ၂၄,၀၀၀ ဖြစ်နေပါပြီ။

 

Lotte က သူတို့ရဲ့အဓိကကြက်ဈေးကို အချိန်အကန့်အသတ်ဖြင့် တဝက်နီးပါးအထိလျှော့ချခဲ့ပြီး တောင်ကိုရီးယားအကြီးဆုံးလက်လီလုပ်ငန်း Emart ကလည်း ကြက်သားတစ်ဗူးကို ၅,၉၈၀ ဝမ်ဖြင့် ရောင်းချနေပါတယ်။

 

အရင်က KFC ကိုရီးယားရဲ့ အကြီးအကဲဖြစ်ခဲ့ပြီး လက်ရှိ Homeplus ကိုဖွင့်လှစ်ထားတဲ့ 'ဂျေဟွန်လီ'က လျှော့ဈေးနဲ့ကြက်သားရောင်းချနေခြင်းကို အချိန်အကန့်အသတ်မရှိ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

 

ဝယ်လိုအားအမီ ရောင်းချနိုင်ဖို့ကတော့ ခက်ခဲနေကာ ဆိုင်တစ်ဆိုင်မှာ တစ်နေ့ကို ကြက်ကြော်ဒါဇင်ခန့်သာ ထုတ်လုပ်နိုင်ပါတယ်။

 

လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းအမြန်ဆုံးဖြစ်လာခဲ့ပြီး ၆.၃ ရာခိုင်နှုန်းမြင့်တက်လာကာ ကိုရီးယားဗဟိုဘဏ်က အတိုးနှုန်းများကို အကြိမ်ကြိမ်တိုးမြှင့်ခဲ့ပါတယ်။

 

မြင့်တက်လာတဲ့ဈေးနှုန်းနဲ့အညီ နောက်နှစ်အတွက် အခြေခံလစာနှုန်းထားကိုလည်း ၅ ရာခိုင်နှုန်းမြှင့်တင်ပေးထားပါတယ်။

 

Source: The Straits Times
#Yangon_Media_Group