#Health_Tips
Published 20 August 2022

 

ပါးစပ်ကနေ ဆေးသောက်တဲ့အခါ ခန္ဓာကိုယ်ကို ဘယ်လိုအနေအထားနဲ့ သောက်သုံးခြင်းက အလျင်မြန်ဆုံးဆေးပျော်ဝင်စေမယ့် နည်းလမ်းဖြစ်မလဲဆိုတာကို ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ 'ရာဂျက်မစ်တယ်လ်'နဲ့အဖွဲ့က လေ့လာခဲ့ကြပါတယ်။

 

ခန္ဓာကိုယ်ကနေ ဆေးကိုဘယ်လောက်မြန်မြန် စုပ်ယူနိုင်လဲဆိုတာက ခန္ဓာကိုယ်အနေအထားအပေါ်မူတည်ပြီး အတော်လေးကွဲပြားနေပါတယ်။

 

"အရင်ကဆိုရင် ဆေးသောက်တဲ့ပုံစံ ဟုတ်လား မဟုတ်လားဆိုတာကို စဉ်းစားမနေပါဘူး၊ အခုတော့ ဆေးသောက်တိုင်း စဉ်းစားချင့်ချိန်ရပါတော့မယ်" လို့ 'မစ်တယ်လ်'က ပြောပြပါတယ်။

 

ပါးစပ်ကနေ ဆေးသောက်ခြင်းက ဘေးကင်းစိတ်ချရပြီး ဈေးနှုန်းသက်သာတဲ့အပြင် ဆေးပေးရတာလည်း လွယ်ကူပါတယ်။

 

သုတေသီတွေက အစာအိမ်ထဲမှာ အစာတွေ၊ ဆေးတွေ အလုပ်လုပ်တဲ့ပုံစံကို တုပကာ စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။

 

အစာအိမ်ထဲက ချေဖျက်ပြီးသားအစာတွေကို အူထဲသို့ မပို့မချင်း သောက်ဆေးအများစုက အလုပ်စမလုပ်ကြသေးပါဘူး။

 

အစာအိမ်အောက်ဆုံးနားကို ဆေးရောက်သွားလေလေ ဆေးပျော်ဝင်ဖို့မြန်လေဖြစ်ပြီး အူထဲကို အစာတွေမြန်မြန်ညှစ်ထုတ်ပေးလိုက်ပါတယ်။

 

ထိုနေရာကို ဆေးရောက်ဖို့အတွက် ကမ္ဘာမြေဆွဲအားနဲ့ အစာအိမ်တည်ရှိပုံအတိုင်း ခန္ဓာကိုယ်အနေအထားကို ထိန်းညှိရမှာဖြစ်ပါတယ်။

 

ကိုယ်အနေအထား ၄ မျိုးနဲ့စမ်းသပ်ပြီးနောက် ရရှိလာတဲ့ရလာဒ်များအရ ညာဘက်ကိုစောင်းလှဲပြီး ဆေးသောက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အစာအိမ်ရဲ့အနက်ရှိုင်းဆုံးနေရာအထိ ဆေးရောက်ရှိနိုင်ကာ မတ်မတ်ထိုင်တဲ့အနေအထားထက် ဆေးပျော်ဝင်မှုနှုန်း ၂.၃ ဆ ပိုမြန်စေပါတယ်။

 

လက်ဝဲဘက်ကိုစောင်းလှဲပြီး ဆေးသောက်ခြင်းကတော့ အဆိုးဆုံးဖြစ်ပါတယ်။

 

ညာဘက်ကိုစောင်းလှဲပြီး ဆေးသောက်တဲ့အခါ ဆေးပျော်ဝင်ဖို့ ၁၀ မိနစ်ကြာတယ်ဆိုရင် မတ်မတ်ထိုင်အနေအထားနဲ့ဆေးသောက်ခြင်းက ၂၃ မိနစ်ခန့်ကြာမြင့်နိုင်ပြီး လက်ဝဲဘက်ကိုစောင်းလှဲပြီး ဆေးသောက်မယ်ဆိုရင်တော့ ဆေးပျော်ဝင်ဖို့ မိနစ် ၁၀၀ ကျော်ကြာမြင့်နိုင်ပါတယ်။

 

မတ်မတ်ထိုင်အနေအထားနဲ့ ပက်လက်လှဲတဲ့အနေအထားတို့က ဒုတိယရွေးချယ်သင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

 

သက်ကြီးရွယ်အိုတွေ၊ အထိုင်များသူတွေ၊ အိပ်ရာထဲလဲနေသူတွေအနေနဲ့ လက်ဝဲဘက်သို့စောင်းလှဲတာနဲ့ လက်ယာဘက်စောင်းလှဲတာက သက်ရောက်မှုကွာခြားချက်အလွန်များကြောင်း 'မစ်တယ်လ်'က အကြံပြုလိုက်ပါတယ်။

 

ဆီးချိုရောဂါနဲ့ ပါကင်ဆန်ရောဂါတို့ကြောင့် အစာအိမ်ကနေ အစာစွန့်ထုတ်ရာမှာ ပုံမှန်နှေးပြီး အစာအိမ်ပြည့်လျှံလို့ ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့ အခြေအနေကလည်း ဆေးပျော်ဝင်နှုန်းကို သက်ရောက်နေပါတယ်။

 

အစာအိမ်မှာ အပြောင်းအလဲလေးနည်းနည်းဖြစ်ရုံနဲ့ သောက်ဆေးသက်ရောက်မှုကို ကွာခြားစေကြောင်း သုတေသီ'ဂျယ်ဟိုလီ'က ပြောကြားခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group