#Health_Tips
Published 4 June 2022

 

အသင်းအဖွဲ့နဲ့ပြိုင်ဆိုင်ရတဲ့အားကစားနည်းတွေက တစ်ဦးချင်းအားကစားထက် ကလေးတွေရဲ့စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဘောလုံးအားကစားနဲ့ ဘတ်စကတ်ဘောအားကစားတို့လို အဖွဲ့လိုက်အားကစားတွေပြုလုပ်တဲ့ အသက် ၉ နှစ်မှ ၁၃ နှစ်ကြားကလေး ၁၁,၀၀၀ ယောက်ကို လေ့လာကြရာမှာ အားကစားမလုပ်တဲ့ကလေးတွေထက် စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ချေ ၅ ဆနည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ဒါပေမဲ့ ကျွမ်းဘား၊ တင်းနစ်၊ နပမ်းအားကစားတို့လို တစ်ဦးချင်းအားကစားယှဉ်ပြိုင်တဲ့ကလေးတွေကတော့ အားကစားမလုပ်တဲ့ကလေးတွေထက် စိတ်အလိုမကျဝေဒနာမျိုး ၁၅ ရာခိုင်နှုန်းပိုဖြစ်နိုင်ချေရှိနေပါတယ်။

 

လေ့လာမှုပြုလုပ်ခဲ့တဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှသုတေသီများက အဖွဲ့လိုက်အားကစားပြုလုပ်ခြင်းက ကလေးတွေနဲ့ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်လို့ ပြောကြားလိုက်ပါတယ်။

 

အသင်းအဖွဲ့နဲ့ကစားတာဟာ စည်းလုံးညီညွတ်ချင်စိတ်နဲ့ ပြိုင်ဆိုင်လိုစိတ်တို့ကိုတိုးပွားစေပြီး တစ်ဦးချင်းအားကစားကတော့ စိုးရိမ်ပူပန်စိတ်တွေပိုဖြစ်စေတယ်လို့ ဆိုပါတယ်။

 

သုတေသီတွေက အမေရိကန်မှကလေးတွေရဲ့ အားကစားပြုလုပ်တဲ့အလေ့အကျင့်ကို သုံးသပ်လေ့လာခဲ့ကြပါတယ်။

 

လူငယ် ၃,၃၄၈ ဦးက အဖွဲ့လိုက်အားကစား၊ ၂,၃၆၆ ဦးက တစ်ဦးချင်းအားကစားပြုလုပ်ကြပြီး ၁,၇၅၀ ကတော့ နှစ်မျိုးစလုံးကစားကြပါတယ်။

 

သူတို့ရဲ့စိတ်အခြေအနေကို အားကစားမလုပ်တဲ့ကလေးတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။
ကလေးတစ်ယောက်ရဲ့စိတ်အခြေအနေအပေါ် လွှမ်းမိုးနိုင်တဲ့အခြားအချက်အလက်တွေကိုပါ ထည့်သွင်းချိန်ညှိပြီးတဲ့အခါ အဖွဲ့လိုက်အားကစားပြုလုပ်သူတွေက အားကစားမလုပ်တဲ့သူတွေထက် စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်းပိုနည်းနေခဲ့ပါတယ်။

 

ဒါ့အပြင် အပေါင်းအသင်းမလိုချင်စိတ်ပေါ်ပေါက်နိုင်ချေကလည်း ၁၉ ရာခိုင်နှုန်းလျော့နည်းလာပါတယ်။ တစ်ဦးချင်းအားကစားပြုလုပ်သူတွေကတော့ အားကစားမလုပ်တဲ့သူတွေထက် စိတ်ဓာတ်ကျအခြေအနေဖြစ်နိုင်ချေ ၁၆ ရာခိုင်နှုန်းနဲ့ အပေါင်းအဖော်မလိုချင်စိတ်ဖြစ်ပေါ်နိုင်ချေ ၁၄ ရာခိုင်နှုန်းပိုများနေပါတယ်။

 

တစ်ဦးချင်းအားကစားပြုလုပ်သူတွေမှာ လူမှုရေးပြဿနာများ ၁၂ ရာခိုင်နှုန်းပိုဖြစ်နိုင်ကာ အာရုံစူးစိုက်မှုပြဿနာ ၁၄ ရာခိုင်နှုန်းပိုမိုခံစားရနိုင်ပါတယ်။ ဒီတွေ့ရှိချက်တွေကို PLOS ONE ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

အသင်းအဖွဲ့နဲ့အားကစားပြုလုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူဆိုင်ရာကောင်းကျိုးများရလာနိုင်ပြီး လူမှုပေါင်းသင်းရေးမှာလည်း အကျိုးပြုစေမှာဖြစ်ပါတယ်။

 

အဖွဲ့သားတွေနဲ့ ရင်းနှီးပူးပေါင်းမှုက လူငယ်တွေရဲ့လူမှုပေါင်းသင်းဆက်ဆံရေးနဲ့ စိတ်ဖိစီးမှုဖြေရှင်းနိုင်စွမ်းတွေ တိုးတက်စေလာပါတယ်။

 

တစ်ဦးချင်းအားကစားပြုလုပ်တဲ့လူငယ်တွေကတော့ လူအများရှေ့မှာယှဉ်ပြိုင်ရတဲ့အခါ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရပြီး စိတ်ကျန်းမာရေးကိုထိခိုက်စေတာဖြစ်ပါတယ်။

 

Source: DailyMail
#Yangon_Media_Group