Published 9 January 2022

ရိုင်ရိုဒီဂျန်နေရို-

ဘရာဇီးနိုင်ငံက ကန်ကြီးတစ်ကန်မှာ ကမ္ဘာလှည့်ခရီးသွားတွေတင်ဆောင်လာတဲ့ လှေတွေရဲအပေါ်ကို ကျောက်ထရံကြီးတစ်ခု ပြိုကျခဲ့တဲ့အတွက်အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ပြီး (၃)ဦးပျောက်ဆုံးလျက်ရှိနေကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၈ရက်က ပြောဆိုပါတယ်။

ယခုမတော်တဆမှုဟာ ဘရာဇီးနိုင်ငံ မိုင်းနပ်စ်ဂါရေ့စ်ပြည်နယ်မှာရှိတဲ့ ဖန်နက်စ်ရေကန်ကြီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေငုပ်သမားတွေနှင့် ဘရာဇီးရေတပ်ကသူတွေပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီရေကန်ကြီးကို အလျင်အမြန်သွားရောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။

အဲဒီကန်ကြီးရဲ့ဘေးမှာဝိုင်းရထားတဲ့ ကျောက်ထရံကြီးတွေထဲက အပိုင်းကြီးတစ်ပိုင်းက ရေထဲကိုပဲ့ကျခဲ့ရာမှာ လှေ(၃)စီးအပေါ် တည့်တည့်ကြီးပြုတ်ကျလာတဲမြင်ကွင်း ကိုအထိတ်တလန့်ဖြစ်နေတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ အကူအညီမဲ့ မြင်တွေ့ခဲ့ကြရပါတယ်။

လူ(၇)ဦးသေဆုံးပြီး (၃)ဦးပျောက်ဆုံးနေတယ်လို့ မိုင်းနပ်စ်ဂါရေးစ့် မီးသတ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရသူ ပက်ဒရိုအိုင်ဟာရကပြောပါတယ်။အဲဒီ့အပြင် ၃၂ဦးဟာလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး အဲဒီအထဲက(၉)ဦးကို ဆေးရုံတင်ပို့လိုက်ရပါတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဖန်နက်စ်ရေကန်ကြီးရဲ့ စိမ်းမြနေတဲ့ရေပြင်ကြီးကို ဝန်းရထားတဲ့ ကျောက်သားနံရံကြီးတွေ၊လှိုဏ်ဂူကြီးတွေနှင့် ရေတံခွန်တွေကို မြင်တွေ့ခံစားချင်ကြတဲ့အတွက် အဲဒီနေရာကို ကမ္ဘာလှည့်တွေ အုပ်စုလိုက်လာရောက်လေ့ရှိကြပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ ရုပ်သံဗွီဒီယိုတွေမှာ လှေသုံးစီးအပေါ်  အဲဒီကျောက်ထရံကြီးတစ်ချပ်ပြိုကျတဲ့အချိန်ကို အမိအရ ရိုက်ကူးထားနိုင်ခဲ့တာတွေ့ရပါတယ်။  အဲဒီရေကန်ဟာ ဖန်နက်စ်ရေအားလျှပ်စစ်ဆည်ကြီးကနေ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။

Source AFP

Videoကြည့်ရန် >>>https://t.me/yangonmediagroup/4063