#Daily_News
Published_ 12 June 2023
၁။ လမ်းဘေးမြောင်းတွင် အပေါ့သွားစဉ် ကလေးမီးဖွားမူဖြစ်ပွားပြီး ကလေးငယ်သေဆုံး
၂။ ထီးဈေးမြင့်နေ၍ ဂျပန်ကွန်တင်နာကျ တန်ဖိုးနည်းထီးများ အရောင်းပိုသွက်နေ
၃။ အမေရိကန်တစ်ဒေါ်လာ ၂၉၀၀ ကျော်နေပြီး ရွှေစျေး ၃၁ သိန်းကျော်ရှိနေ
၄။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ဧရာမဘဲရုပ်ကြီးနှစ်ခု ဟောင်ကောင်ဆိပ်ကမ်းတွင် ရောက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Politics
Published_ 12 June 2023
ဆော်ဒီအာရေးဗီးယားက တရုတ်နဲ့ ပြိုင်ဆိုင်မှုမပြုဘဲ ပူးပေါင်းရန်ဆန္ဒရှိကြောင်း စွမ်းအင်ဝန်ကြီးက တနင်္ဂနွေနေ့က ကြေညာလိုက်ကာ သူတို့နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာခြင်းအပေါ် အနောက်နိုင်ငံသံသယရှိလာတာကို လျစ်လျူရှုထားကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ထိပ်သီးရေနံတင်ပို့ရာ ဆော်ဒီအာရေးဗီးယားနဲ့ ကမ္ဘာ့စွမ်းအင်အများဆုံးသုံးစွဲရာ တရုတ်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ ဟိုက်ဒရိုကာဗွန်ကဏ္ဍဖြင့် အခြေပြုတည်ဆောက်ထားပါတယ်။
အမေရိကန်ဘက်က စိုးရိမ်ပူပန်နေရတဲ့ နိုင်ငံရေးဆက်ဆံမှုများကြား တရုတ်နဲ့ဆော်ဒီတို့ဟာ လုံခြုံရေးနဲ့ နည်းပညာပိုင်းတို့မှာလည်း ပိုမိုပူးပေါင်းဆောင်ရွက်လာပါတယ်။
အာရပ်-တရုတ်စီးပွားရေးအစည်းအဝေးပွဲအတွင်း နှစ်နိုင်ငံဆက်ဆံရေးအပေါ် ဝေဖန်မှုများနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မင်းသား'အက်ဘ်ဒူလာဇစ်ဘင်ဆယ်လ်မန်'က "ကျွန်တော်က စီးပွားရေးသမားဖြစ်တဲ့အတွက် အခွင့်အလမ်းပေါ်လာရင် လျှောက်သွားမှာဖြစ်ပြီး ဒါတွေကိုလျစ်လျူရှုထားပါတယ်" လို့ ပြောပြသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'ခရီးစဉ်လာရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်စွန့်ဦးတီထွင်သူများနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဆော်ဒီမှာ အစည်းအဝေးတက်ရောက်ဖို့ ရောက်ရှိလာကြပါတယ်။
မတ်လက နိုင်ငံပိုင်ရေနံကုမ္ပဏီ Saudi Aramco က တရုတ်မှာ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နဲ့ တရုတ်နိုင်ငံအတွက် ထိပ်တန်းရေနံထောက်ပံ့သူအဖြစ် ဆက်လက်မြှင့်တင်ရန် အဓိကသဘောတူညီချက်နှစ်ခုကို ကြေညာခဲ့ပါတယ်။
တရုတ်သမ္မတ'ရှီကျင့်ဖင်'က ဒီဇင်ဘာလတုန်းက ဆော်ဒီအာရေးဗီးယားသို့ လာရောက်ကာ ဒေါ်လာလွှမ်းမိုးမှုအားနည်းသွားစေရန် ရေနံရောင်းဝယ်ရေးမှာ ယွမ်ငွေဖြင့်ပြုလုပ်ဖို့ ပြောကြားခဲ့ကြပါတယ်။
ရေနံမဟုတ်တဲ့စီးပွားရေးကဏ္ဍများဆီသို့ ကွဲပြားနေတာကြောင့် ဘယ်လိုသဘောတူညီချက်ပဲဖြစ်ဖြစ် ပေါ်ထွန်းလာတဲ့ ပင်လယ်ကွေ့စက်မှုလုပ်ငန်းများကို ကာကွယ်ပေးနိုင်ရမှာဖြစ်ကြောင်း ဆော်ဒီရင်းနှီးမြှုပ်နှံရေးဝန်ကြီး'ခါလိအယ်ဖာလစ်'က ပြောပြခဲ့ပါတယ်။
"ကျွန်တော်တို့စက်မှုလုပ်ငန်းများကို တင်ပို့စွမ်းဆောင်နိုင်စေရန် လိုအပ်ပါတယ်။
ဒါကြောင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များအတွက် ညှိနှိုင်းနေတဲ့နိုင်ငံများအားလုံးဟာ အသစ်ပေါ်ပေါက်လာတဲ့ စက်မှုလုပ်ငန်းများကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း သိထားဖို့မျှော်လင့်ပါတယ်" လို့ ပြောကြားသွားပါတယ်။
Source: Reuters
#World_Politics #ဆော်ဒီအာရေးဗီးယား #အနောက်အုပ်စု၏စိုးရိမ်ပူပန်မှု #တရုတ်နှင့်ပူးပေါင်းမည်
#YMG #Yangon_Media_Group
#World_Science
Published 12 June 2023
အာကာသယာဉ်မှူးတွေ အာကာသဆီသွားနေတာ ဆယ်စုနှစ်တွေကြာလာပြီဖြစ်ပြီး နောက်ထပ်လည်း လဂြိုဟ်နဲ့ မားစ်ဂြိုဟ်တို့ဆီထပ်လွှတ်ဖို့ စီစဉ်နေကြပါတယ်။
ဆွဲငင်အားမရှိတဲ့နေရာကို အာကာသယာဉ်မှူးတွေသွားတဲ့အခါ ဦးနှောက်မှာဘာဖြစ်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
နိုင်ငံတကာအာကာသစခန်း (ISS) သို့မဟုတ် NASA အာကာသလွန်းပျံယာဉ်မှာ အနည်းဆုံး ၆ လကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာကာသယာဉ်မှူးတွေမှာ ဦးနှောက်အမြှေးပါးအရည်များပါဝင်တဲ့ ဦးနှောက်အလယ်မှာ အရည်အိတ်အခန်းများ သိသိသာသာချဲ့ထွင်လာတာကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါ အရောင်အဆင်းမရှိတဲ့အရည်တွေဟာ ဦးနှောက်နဲ့ ကျောရိုးတဝိုက်မှာ စီးဆင်းနေပြီး ရုတ်တရက်ထိခိုက်မှုများမှ ကာကွယ်ခြင်း၊ စွန့်ပစ်ပစ္စည်းများဖယ်ရှားခြင်းတို့ ပြုလုပ်ပေးပါတယ်။
အာကာသမှာ အချိန်ကြာကြာတာဝန်ထမ်းဆောင်တဲ့သူတွေမှာ ညာခြမ်းနဲ့ တတိယအခန်းတို့က အတော်လေးချဲ့ထွင်လာကြကြောင်း Scientific Reports ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အာကာသမှာ အချိန်ကြာကြာနေလေလေ ဦးနှောက်အရည်အိတ်အခန်းတွေ ပိုကျယ်လာလေဖြစ်ပြီး အပြည့်အဝပြန်ကောင်းဖို့အတွက် အချိန် ၃ နှစ်လောက်ယူရကြောင်း စာတမ်းပြုစုသူ'ရေချယ်ဆစ်ဒ်လာ'က ပြောကြားခဲ့ပါတယ်။
အာကာသယာဉ်မှူးအယောက် ၃၀ မှာ ၈ ယောက်က ၂ ပတ်၊ ၁၈ ယောက်က ၆ လ၊ ၄ ယောက်က တစ်နှစ်ခန့် အာကာသသို့စေလွှတ်ကာ ဆန်းစစ်ခဲ့ပါတယ်။
၂ ပတ်သာကြာတဲ့အချိန်မှာ သိသိသာသာပြောင်းလဲခြင်းမျိုးမရှိဘဲ ၆ လကြာတဲ့အခါမှာတော့ အတော်လေးကွာခြားသွားပါတယ်။
အဆိုပါအရည်အိတ်အခန်းတွေ ကျယ်လာတာဟာ အာကာသယာဉ်မှူးတွေမှာ နောက်ဆက်တွဲကျန်းမာရေး ဘယ်လောက်ထိခိုက်လဲဆိုတာကို သိရဖို့လိုအပ်နေပြီး ဒီလိုအရည်အိတ်အခန်းတွေကြီးမားလာတာက ဘေးနားရှိ ဦးနှောက်တစ်ရှူးတွေကို ဖိထားနိုင်ဖွယ်ရှိပါတယ်။
ကမ္ဘာမြေမှာဆိုရင် ဆွဲငင်အားကြောင့် သွေးတွေခြေထောက်မှာ အိုင်မနေစေရန် သွေးကြောစနစ်တွေမှာ အဆို့ရှင်တွေရှိပေမယ့် ဆွဲငင်အားမရှိတဲ့နေရာမှာတော့ ပြောင်းပြန်ဖြစ်သွားပြီး အရည်တွေက ဦးခေါင်းမှာစုပြုံလာကာ အရည်အိတ်အခန်းတွေ ပိုကျယ်လာတာဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ၆ လကျော်နေထိုင်တဲ့အခါ နောက်ထပ်ကျယ်လာတာမျိုးမရှိတော့တာကြောင့် ၂ နှစ်လောက်ကြာနိုင်တဲ့ မားစ်ဂြိုဟ်ခရီးစဉ်တွေအတွက်တော့ သတင်းကောင်းလို့ ဆိုရမလိုပါပဲ။
Source: India Today #World_Science #ဦးနှောက်တွင် ထူးခြားသောပြောင်းလဲမှု
#YMG #Yangon_Media_Group
#World_Health
Published 12 June 2023
သွေးနီဥထုတ်လုပ်ခြင်း၊ DNA ထုတ်လုပ်ခြင်း၊ အာရုံကြောဆဲလ်များလုပ်ဆောင်ချက်များအတွက် ဗိုက်တာမင်-ဘီ၁၂ က မရှိမဖြစ်အရေးကြီးပါတယ်။
ထိုဗိုက်တာမင် လုံလောက်စွာမရတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နိုင်တဲ့ကျန်းမာရေး ပြဿနာများက..
- ပင်ပန်းနွမ်းနယ်ခြင်း - ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ကိုသယ်ဆောင်ပေးတဲ့ သွေးနီဥများထုတ်လုပ်ရာမှာ ဘီ၁၂ က လိုအပ်တာကြောင့် ချို့တဲ့တဲ့အခါ ပင်ပန်းခြင်းနဲ့ အားနည်းခြင်းတို့ဖြစ်ပေါ်စေပါတယ်။
- ခြေလက်တွေမှာ သွေးလည်ပတ်မှုလျော့နည်းစေပါတယ်။
- စဉ်းစားတွေးခေါ်ခြင်း၊ မှတ်ဉာဏ်ပိုင်းတို့မှာ ချို့ယွင်းလာပြီး စိတ်ဓာတ်ကျခြင်းကိုပင် ဖြစ်စေနိုင်ပါတယ်။
- သွေးအားနည်းခြင်းဖြစ်ပေါ်နိုင်ကာ အရေပြားက ဖြူဖျော့ပြီး အဝါရောင်သမ်းလာပါတယ်။
- လျှာမှာ ရောင်ရမ်းနာကျင်ခြင်းဖြစ်ပေါ်စေပြီး ပါးစပ်အနာများဖြစ်ပေါ်စေနိုင်ပါတယ်။
- ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စားချင်စိတ်လျော့နည်းခြင်းစတဲ့ အစာချေပြဿနာများ ပေါ်ပေါက်လာပါတယ်။
ဘီ၁၂ ကို အသားမှာတွေ့ရတာကြောင့် သက်သက်လွတ်စားသုံးသူများမှာ ဘီ၁၂ ချို့တဲ့ခြင်းဖြစ်ပေါ်နိုင်ပါတယ်။
အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း ခန္ဓာကိုယ်က ဘီ၁၂ လိုအာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းလျော့ကျလာပါတယ်။
အချို့သောဆေးဝါးတွေဟာလည်း ဘီ၁၂ ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။
အသား၊ ငါး၊ ကြက်သား၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများစားသုံးပေးသင့်ပြီး သက်သက်လွတ်သမားဆိုရင်တော့ ဘီ၁၂ ချို့တဲ့နိုင်ချေများပါတယ်။
သက်သက်လွတ်စားသုံးသူတွေအတွက်တော့ ဘီ၁၂ ဖြည့်စွက်အားဆေးသောက်သုံးခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်။
ဘီ၁၂ စုပ်ယူမှုအားကောင်းစေရန် ဇီဝပိုးသတ်ဆေး၊ အစာချေအင်ဇိုင်း၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်တို့ဖြင့် ပံ့ပိုးသင့်ပါတယ်။
အရက်အလွန်အကျွံသောက်ခြင်းကလည်း ဘီ၁၂ စုပ်ယူမှုကို ချို့ယွင်းစေနိုင်ပါတယ်။
Source: The Jerusalem Post #World_Health #ဗိုက်တာမင်- ဘီ ၁၂ ချို့တဲ့ခြင်း
#YMG #Yangon_Media_Group
Published 11 June 2023
တရုတ်နိုင်ငံရဲ့ ၂၀၂၃ခုနှစ် နဂါးလှေလှော်ပြိုင်ပွဲ ပထမအဆင့် ကို ဇွန်လ ၁၁ရက်နေ့က ကျန်စူးပြည်နယ် အရှေ့ပိုင်း ယန်ချိန်းမြို့တွင် ကျင်းပရာ အသင်းပေါင်း၃၈သင်းမှ လှေလှော်အားကစားသမား ၈၀၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲမှာ မီတာ ၁၀၀ မီတာ ၂၀၀နှင့် မီတာ ၅၀၀ ပြိုင်ပွဲတွေမှာ ယခင်နှစ်ရက်အပါအဝင် တနင်္ဂနွေအထိ သုံးရက်တိတိ ဝင်ရောက် ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။
Published 11 June 2023
အာရေဗျပင်လယ်အပေါ်ဖြစ်ပေါ်နေသည့် အလွန်အင်အားပြင်းသည့် ဆိုင်ကလုံးဘီပါဂျွိုင်းသည် အလွန့်အလွန်အင်အား ကောင်းလာကာ ပါကစ္စတန်နိုင်ငံကရာချိ အနီးဖြတ်သန်းဝင်ရောက်မည်ဟုခန့်မှန်းထား၍ ပါကစ္စတန်အစိုးရက အရေးပေါ် ပြင်ဆင်မှုများလုပ်ဆောင်ရန်အမိန့်ထုတ်ထားရပါတယ်။
အာရေဗျပင်လယ်အပေါ်ရှိ အလွန်အင်အားပြင်းသည့် ဆိုင်ကလုံး ဘီပါဂျွိုင်းဟာ အခုဆို အလွန့်အလွန် အင်အား ကောင်းသော ဆိုင်ကလုံးအဖြစ်သို့ ရောက်ရှိလာပြီး ပါကစ္ဏတန်နိုင်ငံ ကရာချိအနီးကနေ ကုန်းတွင်းဝင်ရောက်လိမ့်မယ်လို့ အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းခဲ့ပါတယ်။
“ ဆိုင်ကလုံးဘီပါဂျွိုင်းဟာ ဆာရပ်စ်ထရာ-ခတ်ချ် နှင့် ကပ်လျက် ပါကစ္စတန်ကမ်းခြတို့ကို ဇွန် ၁၅ ရက် မွန်းတည့်ချိန်ခန့်မှာ အလွန့်အလွန်အင်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကျော်ဖြတ်နိုင်ဖွယ်ရှိပါတယ်” လို့ အိန္ဒိယ မိုးလေဝသဌာနက ပြောပါတယ်။
“ အလွန်အင်အားကောင်းတဲ့ ဘီပါဂျွိုင်းဟာ တနင်္ဂနွေနေ့ မနက်မှာ အလွန့်အလွန် အင်အားကောင်းတဲ့ ဆိုင်ကလုံး အဖြစ် ပို့တ်ဘန်ဒါရဲ့ အနောက်တောင်ဘက် ၄၈၀ကီလိုမီတာအကွာမှာ ရောက်ရှိခဲ့ပါတယ်။ ယင်းဆိုင်ကလုံးမုန်တိုင်းဟာ ဆာရပ်စ်ထရာ၊ ခတ်ချ်နှင့် ကပ်လျက်ပါကစ္စတန်ကမ်းခြေတွေနှင့် မန်ဗီ။ဂူဂျာရတ်နှင့် ကရာချိနှင့်ပါကစ္စတန်က ကရာချိတို့ကို ဇွန်၁၅ရက်မွန်းတည့်ချိန်မှာ ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားကြောင်း အိန္ဒိယမိုးဇလဌာနက သတင်း ထုတ်ပြန်ပါတယ်။
အဲဒါကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်က ဘီပါဂျွိုင်း ဆိုင်ကလုံး မုန်တိုင်းနှင့်ရင်ဆိုင်နိုင်အောင် အရေးပေါ် ပြင်ဆင်ဆောင်ရွက် စရာအားလုံးလုပ်ဆောင်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။အဆိုပါဆိုင်ကလုံးကြောင့် ကရာချိနှင့် ဆင်း ပြည်နယ်တွေရဲ့ အနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းမိုးကြီးမှုတွေဖြစ်လာနိုင်ပါတယ်။ ပါကစ္စတန်မိုးလေဝသဌာန ကလည်း အာဏာပိုင်တွေကို ဆိုင်ကလုံး ဘီပါဂျွိုင်းအတွက် ပြင်ဆင်ထားကြဖို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ဆိုင်ကလုံး ဘီပါဂျွိုင်းဟာ မွမ်ဘိုင်းမြို့ အနောက်-အနောက်တောင်ဘက် ၆၀၀ကီလိုမီတာအကွာ ကရာချိ တောင်ဘက် ၈၄၀ကီလိုမီတာအကွာ အာရေဗျပင်လယ် အရှေ့ အလယ်ပိုင်းမှာ တည်ရှိနေပါတယ်။
Source_WION
#Cyclone_Biparjoy
#ဆိုင်ကလုံးဗီပါဂျွိုင်း
#ပါကစ္စတန်
#World_Health
Published 11 June 2023
လူတော်တော်များများဟာ မျက်ကွင်းညိုတာမျိုးဖြစ်တတ်ပြီး မျက်လုံးအောက်ဘက်မှာ အညိုရောင်သမ်းနေတာမျိုး ဖြစ်ပါတယ်။
ကျန်းမာအောင်နေ၊ ရေများများသောက်၊ အိပ်ရေးဝဝအိပ်လည်း ထိုမျက်ကွင်းညိုတာက မပျောက်သွားတတ်ပါဘူး။
အချို့ကတော့ မိတ်ကပ်တွေ၊ ဈေးကြီးလိုးရှင်းတွေနဲ့ ဖုံးအုပ်တာမျိုးပြုလုပ်လေ့ရှိသလို မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
အာလူးက မျက်ကွင်းညိုတာအတွက် အကောင်းဆုံးကုသနည်းတစ်မျိုး ဖြစ်ပါတယ်။
သူတို့ဟာ သဘာဝအတိုင်းအေးမြပြီး ဗိုက်တာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပါတယ်။
သူ့ရဲ့အေးမြမှုက ရောင်ရမ်းခြင်းကိုလျှော့ချပေးပြီး မျက်လုံးကိုပိုမိုနိုးကြားနေပုံပေါက်စေပါတယ်။
အာလူးမှာပါဝင်တဲ့ ကတ်တီကောလ် အော်ဂဲနစ်ဒြပ်ပေါင်းက အသားအရည်ကြည်လင်စေတဲ့ အလှကုန်ပစ္စည်းတွေမှာ အသုံးပြုကြပါတယ်။
ဒီဒြပ်ပေါင်းကို အာလူးမှာပမာဏအနည်းငယ်သာ တွေ့ရပြီး မျက်လုံးနားတဝိုက်က အသားအရည်ကိုကြည်လင်စေတာကြောင့် မျက်ကွင်းညိုခြင်းကို သက်သာစေနိုင်ပါတယ်။
အသုံးပြုပုံကတော့ ပုံမှန်အာလူးတစ်လုံးကိုယူပြီး အခွံနွှာကာ အညစ်အကြေးအမှုန် လုံးဝမရှိတဲ့အထိ သန့်စင်ဆေးကြောပါ။
အသုံးပြုနိုင်တဲ့ပထမနည်းလမ်းကတော့ အာလူးပါးပါးလှီးပြီး မျက်လုံးအောက်မှာထားပေးပါ၊ အာလူးမှထွက်တဲ့အရည်ကို မျက်လုံးထဲမဝင်ပါစေနှင့်။
နောက်တစ်နည်းကတော့ အာလူးကိုခြစ်ပြီး စိုထိုင်းဆအနည်းငယ်ထွက်စေကာ လက်ကိုင်ပဝါပါးပါးထဲထည့်ပြီး မျက်လုံးပေါ်တင်ပေးပါ။
နောက်ဆုံးတစ်နည်းက အာလူးကိုခြစ်၊ ခြစ်ထားတဲ့အာလူးကို ဇလုံတစ်ခုအပေါ်မှ ဆန်ခါဖြင့်တွန်းထည့်ပါ။
ဇွန်းဖြင့်အာလူးရဲ့အစိုဆကို ဇလုံထဲဖိချပြီး ဂွမ်းစနှစ်ခုကို အစိုဆထဲထည့်စွတ်ကာ တဝက်ခေါက်လိုက်ပါ။
ခေါက်ထားတဲ့ဂွမ်းစတွေကို မျက်လုံးအောက်မှာထားလိုက်ရုံပါပဲ။
ဘယ်နည်းလမ်းပဲအသုံးပြုသည်ဖြစ်စေ အာလူး၊ ဂွမ်းစတို့ကို မျက်လုံးအောက်မှာ အနည်းဆုံး ၁၅ မိနစ်ခန့် ထားပေးပြီး မနက်တိုင်းပြုလုပ်ပေးသင့်ပါတယ်။
Source: Tips And Tricks #World_Health #မျက်ကွင်းညိုခြင်းသက်သာစေမည့်နည်းလမ်း #YMG #Yangon_Media_Group
Page 535 of 978