Published 5 March 2022
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့က ရှီအိုက်ဗလီတစ်ခုအတွင်း မတ်(၄)ရက်သောကြာနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၅၆)ဦးသေဆုံးခဲ့ရပြီး ၁၉၄ဦးကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုဟာ ၂၀၁၈ခုနှစ်နောက်ပိုင်းမှာ ကြောက်မက်ဖွယ်ရာအကောင်းဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုဟာ သူတို့လက်ချက်လို့ အစ္စလမ်မစ်နိုင်ငံတော် (အိုင်အက်စ်)အုပ်စုကပြောပါတယ်။ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ မစတင်မီကလေးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အတွင်းခန်းတွေ အစိတ်စိတ်အမွှာမွှာပျက်စီးကုန်ပြီး မှန်ကွဲတွေဟာ လမ်းပေါ်ကို လွင့်စင်ကျပြီး ပြန့်ကျဲသွားရပါတယ်။
Source AFP
Published 5 March 2022
တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံတော်အာဏာ ယန္တယားဖြစ်တဲ့ ၁၃ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂယက် (NPC)ညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရဲ့ မဟာခန်းမကြီးမှာ မတ်လ(၅)ရက် စနေနေ့ မနက်က ကျင်းပပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတရှီကျင့်ဖျင်နှင့် အခြား တရုတ်ခေါင်းဆောင်တွေဟာ ဖွင့်ပွဲအခမ်းအနားမှာ ကွန်ဂယက်ကိုယ်စားလှယ် သုံးထောင်နီးပါးနှင့်အတူ တက်ရောက် လာကြပါတယ်။
Source CCTV Plus
Published 5 March 2022
ယူကရိန်သမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက သူ့နိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ဖို့ ငြင်းဆန်လိုက်တဲ့အတွက် နေတိုးအဖွဲ့ကို ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။ အနောက်နိုင်ငံတွေရဲ့မဟာမိတ်စစ်တပ်တွေဟာ ရှရှားရဲ့ နောက်ထပ် ကျူးကျော်လာမှုတွေကို ဖြစ်နိုင်ဖွယ်ရှိတာကိုသိထားတယ်။ ဒီနေ့ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးဟာ ပျော့ညံ့တဲ့ စိတ်ရှုပ်စရာကောင်းတဲ့ အစည်းအဝေးပဲလို့ သူကပြောသွားပါတယ်။ အခုကစပြီး နောက်သေဆုံးကြမယ့် ပြည်သူတွေဟာ ခင်ဗျားတို့ကြေင့်ပဲလို့ သူက ဒေါသတကြီးဝေဖန်သွားတာဖြစ်ပါတယ်။
Source AFP
#LocalNews
Published -4 Mar 2022
တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တိုးမြင့်ရပ်စဲထားတဲ့အချိန်မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပြုလုပ်သင့်တယ်လို့ ရခိုင့်လွှတ်မြောက်ရေးပါတီ ALP ရဲ့ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
#Yangon_Media_Group
Published 4 March 2022
ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာ ဇီလင်စကီးဟာ ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန် အဆင်သင့် ရှိကြောင်း အရိပ်ပြပြောဆိုလိုက်ပါတယ်။ လက်ရှိဖြစ်နေသည့် ပဋိပက္ခနှင့်ပတ်သက်ပြီး အိမ်နီးနာချင်းများကဲ့သို့ နှစ်ယောက် အတူထိုင်ကြရင်မကောင်းဘူးလားဟု အကြံပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
“ ခင်ဗျား ကျွန်တော်တို့ဆီက ဘာလိုချင်တာလဲ။ ကျွန်တော်တို့မြေကထွက်သွားပေးပါ။ အခုမထွက်သွားချင်သေးဘူးဆိုရင် စေ့စပ်ဆွေးနွေးပွဲ စကားဝိုင်းမှာ ကျွန်တော်နှင့်အတူထိုင်ကြရအောင်။ ကျွန်တော်အဆင်သင့်ရှိပါတယ်” လို့ ဇီလင်စကီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ကျွန်တော်နှင့်အတူထိုင်ပါ။ ဒါပေမယ့် မာခရွန်၊ရှိုးနှင့်အခြားသူတွေနှင့်တုန်းကလို မီတာ၃၀အကွာတော့မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့က အိမ်နီးချင်းလေ။ မီတာ ၃၀ ခွာထိုင်စရာမလိုပါဘူး” လို့ သူကပြောပါတယ်။
ရုရှားက ကာလရှည်ကြာပြောဆိုနေတဲ့ လုံခြုံရေးအာမခံချက်ကိစ္စ သတင်းထောက်တွေက မေးတဲ့အခါ သူက အဲဒီခေါင်းစဉ်ကို ဘေးချိတ်လိုက်ပါတယ်။ မော်စကိုရဲ့လိုလားချက်တွေဟာ အခြေအမြစ်မရှိဘူး။ ယူကရိန်းဟာ အဲဒါတွေနှင့်ပတ်သက်လို့ ဘာမှပြောစရာမရှိဘူးလို့ သူကဆက်ပြောပါတယ်။
Source RT/Agencies
Published 4 march 2022
ရုရှားနှင့်ယူကရိန်းတို့ရဲ့ ဘီလာရုစ်နိုင်ငံမှာပြုလုပ်တဲ့ ဒုတိယအကျော့ ဆွေးနွေးပွဲမှာ အရပ်သားတွေကယ်ထုတ်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေ ဖွဲ့စည်းစီစဉ်ဖို့ မတ်လ(၃)ရက် ကြာသပတေးနေ့က သဘောတူညီခဲ့ကြပါတယ်။
အရပ်သားတွေဆွဲထုတ်မယ့်နည်းလမ်းတစ်ခုဖန်တီးရာ မှာ ပူးပေါင်းဆောင်ရွက် နှစ်ဘက်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ သမ္မတရဲ့လက်ထောက် ဗလက်ဒီမာ မီဒင်စကီးက ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ အဓိကအားဖြင့် အရပ်သားတွေကာကွယ်ပေးဖို့ နှင့် လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေကို ပုံမှန်တိုးတက်မှု ရှိနေအောင်ဖန်တီးဖို့တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ သဘောတူခဲ့တာတွေကို နှစ်ဘက်ပါလီမန်တွေမှာ အတည်ပြုချက်ရယူဖို့လိုသေးတယ်လို့ ရုရှားနိုင်ငံ ဒူမား နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ လီရွန်နစ်ဆလပ်စကီးက ပြောပါတယ်။ နှစ်ဘက်စလုံးဟာ တတိယအကျော့ ဆွေးနွေးပွဲကို မကြာခင်ထပ်မံကျင်းပဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။ သူက ဆွေးနွေးပွဲတွေထပ်လာဦးမယ်လို့လည်း ပြောပါတယ်။
ယူကရိန်းသမ္မတရုံးအကြီးအကဲရဲ့ အကြံပေးဖြစ်သူ မိုင်ခါလိုပိုဒိုလီယတ်ကတော့ ဆွေးနွေးပွဲမှာ ယူကရိန်းဟာ လိုလားတဲ့ ရလာဒ်မရရှိခဲ့ဘူးလို့ ပြောပါတယ်။ယူကရိန်းဘက်က လူသားချင်းစာနာထောက်ထားမှုစင်္ကြံထဲမှာ အပစ်အခတ်ရပ်စဲရေးကိုပါ ထည့်စဉ်းစားကောင်းစဉ်းစားမယ်လို့ သူကပြောပါတယ်။နှစ်ဘက်စလုံးက ဆက်ဆံရေးအထူးလမ်းကြောင်းတစ်ခု ဖွင့်ထားသင့်တယ်လို့လည်းသူကဆိုပါတယ်။
ဒုတိယကျော့ဆွေးနွေးမှုကို ရုရှားက ယူကရိန်းမှာ သူတို့အဆိုအရ အထူးစစ်ဆင်ရေးဆိုတာစတင်ပြီး ရှစ်ရက်အကြာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source CMG
#WorldPolitics
Published - 04 March 2022
ရုရှားနဲ့စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ကာလမှာ နိုင်ငံတော်လုံခြုံရေးကိစ္စတွေကို ပိုပြီးစိုးရိမ်ပူပန်နေရတဲ့အတွက် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်ဖြစ်မြောက်ရေးက အခုအချိန်မှာ ယူကရိန်းအတွက်အဓိကမဟုတ်ကြောင်း ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇဲလန်စကီ'က ကြာသပတေးနေ့က ဝန်ခံလိုက်ပါတယ်။
"အခုအချိန်မှာ ယူကရိန်းအနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးက အဓိကမကျဘူးလို့ ကျွန်တော်ထင်ပါတယ်။ အရေးကြီးဆုံးက နိုင်ငံတော်လုံခြုံရေးနဲ့စစ်ပွဲအခြေအနေတွေပါပဲ။ ဒါပေမဲ့ ယူကရိန်းအပေါ် သူတို့ရဲ့သဘောထားပြသမှုကလည်း အရေးပါတဲ့ထောက်ပံ့မှုဖြစ်ပါတယ်" လို့ 'ဇဲလန်စကီ'က ပြောကြားသွားတာဖြစ်ပါတယ်။
ယူကရိန်းကို တရားဝင်ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ တောင်းဆိုချက်တင်သွင်းပြီး ရက်ပိုင်းအကြာမှာ 'ဇဲလန်စကီ'က အခုလိုပြောကြားလာတာဖြစ်ပါတယ်။
ယူကရိန်းကို အဖွဲ့ဝင်အဖြစ်အမြန်ဆုံးလက်ခံသွားဖို့ 'ဇဲလန်စကီ'က တနင်္လာနေ့က တောင်းဆိုလိုက်ပြီး နောက်တစ်နေ့ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားရာမှာလည်း အဖွဲ့ဝင်ဖြစ်မြောက်ရေးကို အားဖြည့်ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
"သင်တို့က ကျွနိုပ်တို့နဲ့အတူရှိနေပြီး လက်လွှတ်မခံနိုင်ဘူးဆိုတာကို သက်သေပြပေးပါ။ တကယ့်ဥရောပသားတွေဖြစ်တယ်ဆိုတာကို သက်သေပြပေးပါ။ ဘဝရှင်သန်ခြင်းက သေဆုံးခြင်းတရားကို အနိုင်ယူပြီး အမှန်တရားက အကြောက်တရားကို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြပေးပါ" လို့ 'ဇဲလန်စကီ'ကပြောကြားခဲ့ရာ အားလုံးက မတ်တပ်ရပ်ပြီးလက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ဥရောပသမဂ္ဂထိပ်သီးအရာရှိတွေက ယူကရိန်းအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ဖို့ကိစ္စမှာ နှောင့်နှေးနေကြကြောင်း၊ အဖွဲ့ဝင်ဖြစ်လာဖို့အရေးက ချက်ချင်းအထမမြောက်နိုင်သလို နှစ်တွေအများကြီးကြာသွားနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
လက်ရှိဥရောပသမဂ္ဂအဖွဲ့ထဲကို အဖွဲ့ဝင်အသစ်တွေဝင်ရောက်လာဖို့က ဖြတ်လမ်းနည်းမရှိပါဘူး။အဖွဲ့ဝင်ဖြစ်လာရန် ဝင်ရောက်ဖို့လျှောက်ထားတဲ့နိုင်ငံတွေအနေနဲ့ နိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေမှာ သတ်မှတ်ချက်တွေပြည့်မီဖို့လိုပါတယ်။
ယူကရိန်းနိုင်ငံရှိ အနောက်နိုင်ငံအဖွဲ့လိုလားသူနိုင်ငံရေးသမားတွေကြားမှာ ယူကရိန်းအနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်မြောက်ရေးအကြောင်းကို နှစ်ပေါင်းများစွာတိုင်အောင် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။
သို့ပေမယ့်လက်တွေ့မှာတော့ အောင်မြင်မှုမရသေးပါဘူး။ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်မြောက်ရေးဟာ ၂၀၁၄ တော်လှန်ရေးအဖြစ်အပျက်များရဲ့ အဓိကအချက်တစ်ချက်ဖြစ်နေပါတယ်။
ယူကရိန်းတပ်ဖွဲ့များက ပုန်ကန်ရေးနယ်မြေများဖြစ်တဲ့ ဒိုနက်စ်နဲ့လူဟန့်စ်က်ဒေသများကို ချေမှုန်းရန်ကြိုးပမ်းခဲ့ပြီးနောက် ယူကရိန်းအရှေ့ဘက်ဒေသတွေမှာ နှစ်ရှည်လများပဋိပက္ခတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။
Source: RT
Page 201 of 218