#LocalNews
Published_3 March 2022
သရုပ်ဆောင်ရဲတိုက်နဲ့ ဆယ်လီ Beauty Blogger ဝင်းမင်းသန်းတို့အနေနဲ့ ၅၀၅(က) အတွက် လွတ်ငြိမ်းရပေမယ့် သရုပ်ဆောင်ရဲတိုက် မှာ ရင်ဆိုင်နေရဆဲ မူးယစ်မှု ရှိသလို Beauty Blogger ဝင်းမင်းသန်း အနေနဲ့ ၁၇(၁) အမှုနဲ့ပတ်သက်သော ပြစ်ဒဏ်ကျန်နေသေးတာကြောင့် မလွတ်မြောက်ကြသေးတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 3 March 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကျောက်တူးခွင့်တွေကို ပိတ်ထားတဲ့ကြားက မြေစာပုံပြိုကျခဲ့တာကြောင့် လူအသေအပျောက်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 3 March 2022
ယာဉ်မောင်းတွေမှာ ကိုဗစ်ပိုးတွေ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေအားလုံး ပြန်ပိတ်သွားပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ယောက်က YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published- 3 Mar 2022
ပြည်တွင်းက ဆီစားသုံးမှုမှာအခြေခံလူတန်းစားတွေအားထားစားသုံးနေရတဲ့ စားအုန်းဆီစျေးနှုန်းမှာ မတ်လ ၃ ရက်နေ့ စျေးကွက်ပေါက်စျေးတွင် တစ်ပိသာကျပ် ၇,၅၀၀ ထိမြင့်တက်လာတာကြောင့် စားသုံးသူများအခက်တွေ့လာရတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ပထမအပတ်မှာ စားအုန်းဆီ တစ်ပိဿာ ၅,၀၀၀ ကျပ် ဈေးရှိခဲ့သော်လည်း တတိယအပတ်မှာတော့ စားအုန်းဆီ တစ်ပိဿာ ၅,၄၅၀ ကျပ်ထိ ဈေးတက်လာခဲ့ကာ ဖေဖော်ဝါရီလကုန်နဲ့ မတ်လဆန်းပိုင်းမှာတော့ ငွေကျပ် ၇,၅၀၀ထိ မြင့်တက်လာတာဖြစ်ပါတယ်။
ယခင်က ပြည်တွင်းစားသုံးသူတွေအနေနဲ့ ပြည်ပကတင်သွင်းရောင်းချတဲ့ ဟင်းသီးဟင်းရွက်ဆီကို စားသုံးခဲ့ကြသော်လည်း ယခုအခါစျေးနှုန်းမြင့်တက်လာမှုကြောင့် စားအုန်းဆီကို ပြန်လည်စားသုံးလာကြတာကြောင့် ဝယ်လိုအားများနေပြီး တဖက်မှာလည်း သယ်ယူပို့ဆောင်စရိတ်ကြောင့် လက်လီလက်ကားစျေးကွက်မှာလည်း မြင့်တက်လာနေတယ်လို့သိရပါတယ်။
"စားအုန်းဆီဈေးကတော့ ဆက်တိုက်တက်တယ်။ စားအုန်းဆီဈေး ဝယ်လိုအားများပြီး ဈေးလည်းတက်နေတယ် အဓိကက သယ်ယူပို့ဆောင်ခ စရိတ်ပေါ့။ ကားခတွေ သယ်ယူပို့ဆောင်ခတွေဈေးတက်တော့ အကုန်လိုက်တက်ကုန်တယ်" လို့ အခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးက ပြောပါတယ်။
"အရင်ကတော့ မေဇင်တို့ဘာတို့ဝယ်စားတာပဲ နောက်ပိုင်းတော့ သက်သာတဲ့စာအုန်းဆီကိုပဲ ဝယ်သုံးနေရတာလေ အကုန်လုံးကတော့စျေးတက်နေတာပဲ ကိုယ့်ဝင်ငွေနဲ့သင့်တော်တာလေးတွေ ဝယ်စားနေကြတာပဲ"လို့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
၂၀၂၂ ခုနှစ်ဇန်နဝါရီလလယ်ကစတင်ပြီး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် နဲ့ ဆီ ဈေးနှုန်းတွေ မြင့်တက်လာနေသလို အခြေခံလူတန်းစားမိသာစုတွေရဲ့ ဝင်ငွေအလုပ်အကိုင် လျော့နည်းလာတာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲပြသာနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 3 Mar 2022
ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးဟာ တစ်ပေပါကို အမေရိကန် ဒေါ်လာ ၁၁၀ ကျော် အထိစံချိန်တင်မြင့်တက်လာသလို ပြည်တွင်းစက်သုံးဆီဈေးလည်း ဒီကနေ့မတ်လ ၃ ရက် ရန်ကုန်မြို့မှာ တစ်လီတာကို ၁,၉၀၀ ကျော်အထိ ခုန်တက်သွားပါတယ်။
မနေ့က မတ်လ ၂ ရက် ရန်ကုန်မြို့မှာ အောက်တိန်း ၉၅ တစ်လီတာကို ၁,၈၃၅ ကျပ်ဝန်းကျင်သာရှိနေရာမှ ဒီကနေ့မတ်လ ၃ ရက်မှာ ၁,၉၆၅ ကျပ် ဝန်းကျင်အထိ မြင့်တက်သွားပါတယ်။
ရန်ကုန်မြို့မှာ မနေ့က အောက်တိန်း ၉၂ တစ်လီတာကို ၁,၇၈၀ ကျပ်ဝန်းကျင်ကနေ ဒီကနေ့မှာ ၁,၉၁၀ ကျပ်ဝန်းကျင်၊ ရိုးရိုးဒီဇယ်တစ်လီတာကို မနေ့က ၁,၇၆၅ ကျပ် ဝန်းကျင်ကနေ ဒီကနေ့မှာ ၁,၉၂၅ ကျပ်ဝန်းကျင်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို မနေ့က ၁,၇၇၅ ကျပ်ဝန်းကျင်ကနေ ဒီကနေ့မှာ ၁,၉၃၅ ကျပ်ဝန်းကျင်အထိ အသီးသီးမြင့်တက်သွားပါတယ်။
အခြားသောနယ်မြို့တွေမှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ တစ်လီတာကို ကျပ် ၂,၀၀၀ ကျော်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ မတ်လ ၃ ရက်မှာ ကမ္ဘာ့ရေနံစိမ်းတစ်ပေပါကို ဒေါ်လာ ၁၁၀ ကျော်အထိမြင့်တက်နေပြီး ကမ္ဘာ့ဈေးကွက်မှာ စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှား-ယူကရိန်းအခြေအနေကြောင့် ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံများနဲ့ အခြားနိုင်ငံတွေမှာလည်း စက်သုံးဆီဈေးအပြင် ကုန်ဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်နေပါတယ်။
ymg_mnn
#Yangon_Media_Group
#LocalNews
Published - 3 March 2022
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက်အတွက် ထွက်ဆိုကြမည့်သက်သေများ ယနေ့ မတ်လ ၃ ရက်တွင်လည်း မလာရောက်ကြသည့်အတွက် စစ်ဆေးမှုမပြုလုပ်ခဲ့ရကြောင်း ယင်း၏ ရှေ့နေက YMG ကို ပြောသည်။
"ချယ်ရီထက်ဘက်က သက်သေထွက်မယ့်သူတွေ ဒီနေ့လည်းမလာကြဘူး။ဒါကြောင့် နောက်တစ်ပတ်ကို ချိန်းဆိုလိုက်ပါတယ်။ဘာကြောင့်မလာကြတယ်ဆိုတာတော့ မသိဘူး" ဟု ရှေ့နေက ဆိုသည်။
လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်သုံးနှစ်ချမှတ်ခံထားရသော ချယ်ရီထက်ဘက်က သက်သေထွက်ဆိုရန် လူလေးဦး စာရင်းပေးထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ရုံးချိန်းတွင် ချယ်ရီထက်က မိမိအနေဖြင့် ပြစ်မှုမြောက်စေသည့်ကိစ္စများ မလုပ်ခဲ့ကြောင်း သူ့ကိုစွဲဆိုထားသော ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ တရားခွင်တွင် ပြောဆိုခဲ့သည်။
ချယ်ရီထက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်း စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဇွန်လအတွင်း NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာက တောတွင်းစခန်းချနေပုံ ၊ လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များ စသည်တို့ကို အပြန်အလှန်ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ချယ်ရီထက်ကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 3 Mar 2022
ရှမ်းမြောက်ဒေသတိုက်ပွဲများအပြီးတွင် စစ်ပွဲကာလတုန်းကကျန်ရှိခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်ကို ဒေသခံများအနေနဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
အဆိုပါ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA တို့အကြား ပြီးခဲ့သည့်နှစ် ဇွန်လဆန်းကစပြီး စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်ခဲ့ကြတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ပြည်နယ်အတွင်းက နေရာဒေသအချို့မှာ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ တိုက်ပွဲတွေက မရှိသလောက် ပြန်လည်လျော့ကျသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သို့သော်လည်း တိုက်ပွဲအကြွင်းအကျန်ဖြစ်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကိုတော့ ဒေသခံများက ယနေ့အထိ ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း ၄င်းတို့ကပြောပါတယ်။
"တလောက တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့နေရာတွေပေါ့ ၊ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေဆိုတော့ မိုင်းအန္တရာယ်ရှိတာပေါ့။ ဒေသခံတွေအ နေနဲ့ တောထဲတောင်ထဲသွားရင် အတော်လေးဂရုစိုက်ရမယ့်အနေအထားပါ။ တိုက်ပွဲတွေဖြစ်ထားတဲ့နေရာက သိတဲ့အတိုင်း ပဲလေ၊ ပြောရရင် မြေမြှုပ်မိုင်းက အခု အတော်လေးကြောက်နေရတယ်။"လို့ ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ယခုမတ်လဆန်းပိုင်းအတွင်းမှာလည်း ကျောက်မဲမြို့ ၊ နားခေါ်ရွာရှိ ဒက်ပါခမ်းရေတံခွန်အနီးသို့ ဟင်းစားရှာသွားတဲ့ ဒေသခံပြည်သူနှစ်ဦး မြေမြှုပ်မိုင်းထိမိပေါက်ကွဲမှုကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့တာလည်းဖြစ်ပါတယ်။
"အခုက တိုက်ပွဲတွေက မဖြစ်တော့ဘူးဆိုပေမယ့် မိုင်းအန္တရာယ်ကတော့ ကြောက်နေရတာပါပဲ။ သူတို့အဖွဲတွေက တောင်ပိုင်းကို ရောက်သွားကြပြီလို့လည်းပြောနေကြတယ်။ ကျောက်မဲမြို့တစ်ဝိုက်မှာတော့ တိုက်ပွဲဖြစ်တာတွေကရှားသွားပါပြီ။ ဒါပေမယ့် စောနက ပြောသလို မိုင်းအန္တရာယ်ကရှိနေတယ်။ ဒေသခံတွေအနေနဲ့က အတော်လေးအခက်တွေ့ပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
အဆိုပါရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေဟာ လက်ရှိကာလမှာအေးသွားသော်လည်း စစ် ဘေးရှောင်ပြည်သူတွေအနေနဲ့က အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ယနေ့အထိ နေရပ်ပြန်နိုင်ခြင်းမျိုးမရှိသေးဘူးလို့ စစ်ဘေး ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
Page 2217 of 2271