• ထရမ့်အနေနဲ့ စစ်ရေးအရ အောင်ပွဲခံမှုတွေကို ပထဝီနိုင်ငံရေးအမြတ်အစွန်းအဖြစ် တကယ်ပြောင်းလဲနိုင်ပါ့မလားဆိုတဲ့ သံသယတွေ ကြီးထွားလာနေပါတယ်။

  • ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ထိန်းချုပ်မရတဲ့ နျူကလီးယား ရည်မှန်းချက်တွေက ထရမ့်ရဲ့ စစ်ပွဲဆိုင်ရာ ပြောဆိုချက်တွေကို အားနည်းစေပါတယ်။

  • စစ်ပွဲရည်မှန်းချက်တွေ မပြည့်မြောက်သေးတဲ့အတွက် ထရမ့်အပေါ် ဖိအားတွေ ပိုများလာပါတယ်။

ဝါရှင်တန်၊ မေ ၂၃ (ရိုက်တာ) - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်နဲ့ဖြစ်တဲ့ တိုက်ပွဲတိုင်းလိုလိုမှာ အနိုင်ရခဲ့နိုင်ပေမယ့်၊ အစ္စလာမ္မစ်သမ္မတနိုင်ငံကို တိုက်ခိုက်ပြီး သုံးလအကြာမှာတော့ ပိုကြီးမားတဲ့ မေးခွန်းတစ်ခုနဲ့ ရင်ဆိုင်နေရပါပြီ။ သူ စစ်ရှုံးနေပြီလား ဆိုတာပါပဲ။

အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆုပ်ကိုင်ထားနိုင်တာ၊ နျူကလီးယားကိစ္စ အလျှော့မပေးတာ၊ ပြီးတော့ ဘာသာရေးခေါင်းဆောင်တွေအုပ်ချုပ်တဲ့ အစိုးရကလည်း ခိုင်ခိုင်မာမာရှိနေဆဲဖြစ်တာတွေကြောင့်၊ အမေရိကန်စစ်တပ်ရဲ့ နည်းဗျူဟာပိုင်း အောင်မြင်မှုတွေကို ပထဝီနိုင်ငံရေးအရ အောင်ပွဲတစ်ခုဆိုပြီး ခိုင်ခိုင်လုံလုံပြောနိုင်မယ့် ရလဒ်မျိုး ထရမ့်ဖန်တီးနိုင်ပါ့မလားဆိုတဲ့အပေါ် သံသယတွေ ပိုများလာနေပါတယ်။

သူက အပြည့်အဝအနိုင်ရပြီလို့ ထပ်တလဲလဲ ပြောနေပေမယ့်လည်း တကယ်တမ်းမှာတော့ အနှစ်သာရမရှိဘူးလို့ လေ့လာသုံးသပ်သူတချို့က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံကြားမှာ မရေရာတဲ့ သံတမန်ရေးရာလမ်းကြောင်းတွေပေါ် လွန်ဆွဲနေကြသလို၊ တိုက်ခိုက်မှုတွေ ပြန်လုပ်မယ်ဆိုတဲ့ သူ့ရဲ့ တင်းတစ်ခါ လျှော့တစ်လှည့် ခြိမ်းခြောက်မှုတွေကြောင့် အီရန်ဘက်ကလည်း ဒေသတွင်းမှာ လက်တုံ့ပြန်မှုတွေ သေချာပေါက် လုပ်လာနိုင်လို့ပါပဲ။

အခုဆိုရင် အမေရိကန်နဲ့ သူ့ရဲ့ ပင်လယ်ကွေ့အာရပ်မဟာမိတ်တွေဟာ ဒီပဋိပက္ခကနေ အခြေအနေပိုဆိုးသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ တချိန်တည်းမှာပဲ အီရန်ဟာ စစ်ရေးနဲ့ စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေရှိနေပေမယ့်၊ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုရဲ့ ငါးပုံတစ်ပုံကို ဖြတ်တောက်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသလိုက်တဲ့အတွက် ပိုကြီးမားတဲ့ အသာစီးရမှုနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။

အကျပ်အတည်းက မပြီးသေးပါဘူး။ တကယ်လို့ စေ့စပ်ဆွေးနွေးမှုတွေက သူ့အတွက် အဆင်ပြေသွားမယ်ဆိုရင် ထရမ့်အနေနဲ့ မျက်နှာပန်းလှလှနဲ့ ထွက်ပေါက်ရှာတွေ့နိုင်သေးတယ်လို့ ကျွမ်းကျင်သူတချို့က ယူဆထားကြပါတယ်။

ဒါပေမယ့် တခြားသူတွေကတော့ စစ်ပြီးကာလ ထရမ့်ရဲ့အခြေအနေဟာ အလားအလာမကောင်းတဲ့အနာဂတ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

"စစ်စဖြစ်တာ သုံးလရှိသွားပြီ။ ထရမ့်အတွက် အချိန်တိုအတွင်း အလွယ်တကူအနိုင်ရမယ့်စစ်ပွဲလို့ ရည်ရွယ်ထားရာကနေ၊ အခုတော့ ရေရှည် မဟာဗျူဟာမြောက် ကျရှုံးမှုကြီးတစ်ခု ဖြစ်လာမယ့်ပုံပေါ်နေတယ်" လို့ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် အစိုးရအဆက်ဆက်မှာ အရှေ့အလယ်ပိုင်း စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အာရွန် ဒေးဗစ် မေလာ (Aaron David Miller) က ပြောပါတယ်။

ဒီကိစ္စဟာ ထရမ့်အတွက်တော့ အရေးကြီးပါတယ်။ အထူးသဖြင့် သူကိုယ်တိုင်က ပြိုင်ဘက်တွေကို "အရှုံးသမား" ဆိုပြီး မကြာခဏ စော်ကားပြောဆိုလေ့ရှိသလို၊ သူ့ကို အရှုံးသမားလို့ မြင်ခံရမှာကို အလွန်အမင်း မခံချင်တတ်တဲ့သူမို့လို့ပါ။ ဒီအီရန်အကျပ်အတည်းမှာတော့ ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ရဲ့ စစ်သေနာပတိချုပ်ဖြစ်တဲ့သူဟာ အသာစီးရထားတယ်လို့ ယူဆနေပုံရတဲ့ ဒုတိယအဆင့်ရှိ အင်အားစုတစ်ခုနဲ့ ယှဉ်ပြိုင်နေရပါတယ်။

စစ်ပွဲကို ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်မရှိသေးတဲ့ ထရမ့်အနေနဲ့ အခုလို ကြပ်တည်းနေတဲ့အခြေအနေကြောင့် သူ့ရဲ့ တင်းမာတဲ့ရပ်တည်ချက်တွေကနေ နောက်ဆုတ်ရသလိုမျိုး၊ ဒါမှမဟုတ် သူ့ရဲ့ ပထမသက်တမ်းမှာ သူကိုယ်တိုင် ဖျက်သိမ်းခဲ့တဲ့ ၂၀၁၅ အိုဘားမားခေတ်က အီရန်နျူကလီးယားသဘောတူညီချက်မျိုးကို ပြန်အသက်သွင်းရသလိုမျိုး ဖြစ်လာမယ့် ဘယ်လိုအလျှော့ပေးစေ့စပ်မှုမျိုးကိုမဆို လက်ခံဖို့ ပိုပြီးငြင်းဆန်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာ ဝေးလ်စ် (Olivia Wales) ကတော့ အမေရိကန်ဟာ "Operation Epic Fury (မဟာအမျက်ဒေါသ စစ်ဆင်ရေး)" မှာ ကျွန်မတို့ရဲ့ စစ်ရေးရည်မှန်းချက်အားလုံးကို ပြည့်မီရုံသာမက ကျော်လွန်အောင်မြင်ခဲ့ပါတယ်လို့ ပြောပါတယ်။ "သမ္မတထရမ့်က အသာစီးရထားပြီး ရွေးချယ်စရာလမ်းကြောင်း အားလုံးကိုလည်း ပညာသားပါပါ ချန်ထားဆဲဖြစ်ပါတယ်" လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဖိအားနဲ့ စိတ်ပျက်အားငယ်မှုများ

ထရမ့်ဟာ မလိုအပ်တဲ့ စစ်ရေးစွက်ဖက်မှုတွေ မလုပ်ပါဘူးဆိုတဲ့ ကတိနဲ့ ဒုတိယသက်တမ်းအတွက် မဲဆွယ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ အမေရိကန်ကို သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ မှတ်တမ်းနဲ့ နိုင်ငံတကာက ယုံကြည်လက်ခံမှုအပေါ် ရေရှည်ထိခိုက်စေနိုင်တဲ့ ရှုပ်ထွေးမှုတစ်ခုထဲကို ဆွဲသွင်းလိုက်ပြီဖြစ်ပါတယ်။

နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် လူကြိုက်မများတဲ့ ဒီစစ်ပွဲကို စတင်ခဲ့ပြီးနောက်မှာ အမေရိကန်ပြည်တွင်းက ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာမှု၊ သူ့အပေါ် လူထုထောက်ခံမှု ကျဆင်းလာမှုစတဲ့ ပြည်တွင်းဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ အခုလို စစ်ရေးတင်းမာမှုတွေက ဆက်ဖြစ်နေတာပါ။ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီဟာလည်း ကွန်ဂရက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

အကျိုးဆက်အနေနဲ့ အပစ်အခတ်ရပ်စဲရေး ၆ ပတ်ကျော်ကြာလာချိန်မှာ၊ ထရမ့်ဟာ ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပြီလို့ လေ့လာသုံးသပ်သူတချို့က ယုံကြည်ကြပါတယ်။ အဲဒါကတော့ ထွက်ပေါက်တစ်ခုအနေနဲ့ အားနည်းချက်တွေရှိနိုင်တဲ့ သဘောတူညီချက်တစ်ခုကို လက်ခံမလား၊ ဒါမှမဟုတ် စစ်ရေးအရ အရှိန်မြှင့်ပြီး ပိုရှည်ကြာမယ့် အကျပ်အတည်းကို ရင်ဆိုင်မလား ဆိုတာပါပဲ။ တကယ်လို့ သံတမန်ရေးရာနည်းလမ်းတွေ ပျက်ပြားသွားခဲ့ရင် သူ့မှာရှိတဲ့ ရွေးချယ်စရာတွေထဲက တစ်ခုကတော့ ပြင်းထန်ပေမယ့် ကန့်သတ်ချက်ရှိတဲ့ တိုက်ခိုက်မှုအချို့ကို ပြုလုပ်ပြီး၊ အဲဒါကိုပဲ အပြီးသတ်အောင်ပွဲအဖြစ် ပုံဖော်ကာ ရှေ့ဆက်သွားဖို့ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ လေ့လာသုံးသပ်သူတွေ ပြောသလို၊ ထရမ့်ဟာ အကြောင်းအရာပြောင်းသွားအောင်နဲ့ ပိုလွယ်ကူတဲ့ အောင်ပွဲတစ်ခု ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူအရင်က အရိပ်အမြွက်ပြောခဲ့ဖူးတဲ့အတိုင်း ကျူးဘားနိုင်ငံဘက်ကို အာရုံပြောင်းဖို့ ကြိုးစားလာနိုင်ပါတယ်။

အဲဒီလိုသာဆိုရင်၊ ထရမ့်ရဲ့ လက်ထောက်တချို့က အီရန်စစ်ဆင်ရေးဟာ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးပြီး အစိုးရအပြောင်းအလဲဖြစ်စေခဲ့တဲ့ ဇန်နဝါရီ ၃ ရက် စီးနင်းမှုမျိုးနဲ့ တူလိမ့်မယ်လို့ သူ အထင်မှားခဲ့တယ်လို့ တီးတိုးဝန်ခံခဲ့သလိုပဲ၊ ဟာဗားနား (ကျူးဘား) ဘက်က ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကိုလည်း သူ မှားယွင်းစွာ တွက်ဆမိတာမျိုး ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ထရမ့်ကို ကာကွယ်ပြောဆိုပေးမယ့်သူတွေ မရှိတာတော့ မဟုတ်ပါဘူး။

ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက အကြီးတန်းအကြံပေးဟောင်းဖြစ်ပြီး အခု အမေရိကန်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အတိုင်ပင်ခံအဖွဲ့ (American Global Strategies) ရဲ့ အမှုဆောင်အရာရှိချုပ် အလက်ဇန္ဒား ဂရေး (Alexander Gray) ကတော့ သမ္မတရဲ့ အီရန်စစ်ဆင်ရေးဟာ အကျပ်ရိုက်နေပြီဆိုတဲ့ အယူအဆကို ပယ်ချခဲ့ပါတယ်။ အီရန်စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့တာကကိုပဲ "မဟာဗျူဟာမြောက် အောင်မြင်မှု" တစ်ခုဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် ဒီစစ်ပွဲကြောင့် ပင်လယ်ကွေ့နိုင်ငံတွေဟာ တရုတ်နဲ့ ဝေးကွာသွားပြီး အမေရိကန်နဲ့ ပိုနီးကပ်လာသလို၊ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ရဲ့ ကံကြမ္မာကလည်း အဆုံးအဖြတ်ပေးရမယ့် အနေအထားမှာပဲ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း အခြေအနေတွေကို သူစိတ်ကြိုက် မထိန်းချုပ်နိုင်တဲ့အပေါ် ထရမ့်ရဲ့ စိတ်ပျက်ဒေါသထွက်မှု လက္ခဏာတွေကိုလည်း တွေ့နေရပါတယ်။ သူက သူ့ကိုဝေဖန်သူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး သတင်းမီဒီယာတွေကို "နိုင်ငံတော်သစ္စာဖောက်မှု" နဲ့ စွပ်စွဲခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးနဲ့ပူးပေါင်းပြီး စစ်စတင်ခဲ့ချိန်မှာ ထရမ့်ချမှတ်ခဲ့တဲ့ အများဆုံး ၆ ပတ်ဆိုတဲ့ အချိန်ကာလထက် အခုဆို ပဋိပက္ခက နှစ်ဆလောက် ကြာနေပါပြီ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ MAGA နိုင်ငံရေးအမာခံတွေက သူ့ကို ဒီစစ်ပွဲမှာ ထောက်ခံပေးနေဆဲဖြစ်ပေမယ့်၊ တစ်ချိန်က တခဲနက်ထောက်ခံခဲ့ကြတဲ့ ရီပတ်ဘလီကန် ဥပဒေပြုအမတ်တွေကြားမှာတော့ အက်ကြောင်းတွေ ထွက်ပေါ်လာနေပါပြီ။

စစချင်းမှာတော့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် လက်နက်တိုက်တွေ လျင်လျင်မြန်မြန် ပျက်စီးသွားခဲ့ပြီး၊ ရေတပ်ရဲ့ အစိတ်အပိုင်းအများအပြား နစ်မြုပ်သွားကာ ထိပ်တန်းခေါင်းဆောင်များစွာလည်း သေဆုံးခဲ့ပါတယ်။

ဒါပေမယ့် တီဟီရန် (အီရန်) ဘက်ကလည်း ရေလက်ကြားကို ပိတ်ဆို့ပြီး တုံ့ပြန်ခဲ့တဲ့အတွက် စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်သွားခဲ့သလို၊ အစ္စရေးနဲ့ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် ထရမ့်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့ အမိန့်ပေးခဲ့ပေမယ့် အဲဒါကလည်း တီဟီရန်ကို သူလိုချင်တဲ့အတိုင်းဖြစ်အောင် ဒူးထောက်ခိုင်းဖို့ မအောင်မြင်ခဲ့ပါဘူး။

အီရန်အရာရှိတွေက သူတို့ရဲ့ စစ်ရေးစွမ်းရည်ကို ချဲ့ကားပြောဆိုနေတာ ရှင်းနေပေမယ့်လည်း၊ အီရန်ခေါင်းဆောင်တွေက ထရမ့်ရဲ့ အောင်ပွဲခံပြောဆိုမှုတွေကို တန်ပြန်တဲ့အနေနဲ့ သူတို့ဘက်ကလည်း ထရမ့်ရဲ့ စစ်ဆင်ရေးဟာ "ကြီးမားတဲ့ ရှုံးနိမ့်မှုကြီး" ဖြစ်တယ်ဆိုပြီး ဝါဒဖြန့်မှုတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။

ပြောင်းလဲနေတဲ့ ရည်မှန်းချက်များ မအောင်မြင်သေး

စစ်ပွဲဆင်နွှဲရတဲ့ သူ့ရဲ့ ရည်မှန်းချက်တွေဟာ အီရန်ကို နျူကလီးယားလက်နက်ရမယ့်လမ်းကြောင်း ပိတ်ဆို့ဖို့၊ ဒေသတွင်းနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်နိုင်စွမ်း အဆုံးသတ်ဖို့နဲ့ အီရန်ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အုပ်ချုပ်သူတွေကို ဖြုတ်ချရ ပိုလွယ်ကူစေဖို့ ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ဖူးပါတယ်။

ခဏခဏ ပြောင်းလဲနေတဲ့ သူ့ရဲ့ရည်မှန်းချက်တွေ အောင်မြင်လာမယ့် အရိပ်အယောင် မတွေ့ရသေးသလို၊ အောင်မြင်လာဖို့လည်း မရှိဘူးလို့ လေ့လာသုံးသပ်သူများစွာက ဆိုကြပါတယ်။

အရှေ့အလယ်ပိုင်းဆိုင်ရာ အမျိုးသားထောက်လှမ်းရေး ဒုတိယအရာရှိဟောင်း ဂျိုနသန် ပါနီကော့ဖ် (Jonathan Panikoff) က အီရန်ဟာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပေမယ့်၊ သူတို့ရဲ့ အုပ်ချုပ်သူတွေကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင်ကျန်ရစ်တာနဲ့ ပင်လယ်ကွေ့ သင်္ဘောသွားလာမှုအပေါ် သူတို့ဘယ်လောက်ထိ လွှမ်းမိုးချုပ်ကိုင်နိုင်သလဲဆိုတာကို သိလိုက်ရတာကိုက အောင်မြင်မှုတစ်ခုလို့ မှတ်ယူထားကြတယ်လို့ ပြောပါတယ်။

"သူတို့ သိလိုက်ရတာက အဲဒီ အသာစီးရမှုကို သူတို့အသုံးပြုနိုင်ပြီး၊ သူတို့အတွက် အကျိုးဆက်ကလည်း သိပ်မရှိဘူးဆိုတာပါပဲ" လို့ လက်ရှိ Atlantic Council သုတေသနအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါနီကော့ဖ်က ပြောပါတယ်။ အီရန်ဟာ ထရမ့်ထက်စာရင် စီးပွားရေးအရ နာကျင်မှုတွေကို ပိုခံနိုင်ရည်ရှိပြီး သူ့ထက်ပိုပြီး တောင့်ခံနိုင်မယ်လို့ ယုံကြည်နေပုံရတယ်လို့လည်း သူက ထပ်လောင်းပြောဆိုပါတယ်။

ထရမ့်ရဲ့ အဓိက ကြေညာထားတဲ့ စစ်ပွဲရည်မှန်းချက်ဖြစ်တဲ့ အီရန်ကို နျူကလီးယားကင်းစင်ရေး ဆိုတာကလည်း မပြည့်မြောက်သေးပါဘူး။ တီဟီရန်ဘက်ကလည်း သူတို့ရဲ့ အစီအစဉ်ကို သိသိသာသာ ထိန်းချုပ်ဖို့ ဆန္ဒရှိပုံ သိပ်မရပါဘူး။

ပြီးခဲ့တဲ့ ဇွန်လက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာ မြင့်မားစွာ သန့်စင်ထားတဲ့ ယူရေနီယမ် သိုလှောင်ထားမှုတွေဟာ မြေအောက်မှာ ကျန်ရှိနေသေးတယ်လို့ ယုံကြည်ရပြီး၊ အဲဒါတွေကို ပြန်ဖော်ထုတ်ကာ ဗုံးလုပ်လို့ရတဲ့အဆင့်အထိ ဆက်လက်သန့်စင်နိုင်ပါတယ်။ အီရန်ကတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက် ယူရေနီယမ်သန့်စင်ခွင့်ကို အမေရိကန်က အသိအမှတ်ပြုပေးဖို့ လိုလားတယ်လို့ ဆိုပါတယ်။

အခြေအနေကို ပိုရှုပ်ထွေးစေတာကတော့၊ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်က နိုင်ငံတွင်းမှာရှိတဲ့ လက်နက်လုပ်လို့ရလုနီးပါးဖြစ်နေတဲ့ ယူရေနီယမ်တွေကို နိုင်ငံပြင်ပကို ပို့ဆောင်ခွင့်မပြုဘူးလို့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ အီရန်အဆင့်မြင့်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လေ့လာသုံးသပ်သူတချို့ကတော့ ဒီစစ်ပွဲကြောင့် အီရန်ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နျူကလီးယားလက်နက် ထုတ်လုပ်ရေးကြိုးပမ်းမှုတွေကို လျှော့ချမယ့်အစား ပိုပြီးတောင် အရှိန်မြှင့်လာနိုင်တယ်လို့ အကြံပြုထားကြပါတယ်။

ထရမ့်ရဲ့ ကြေညာထားတဲ့ နောက်ထပ်ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အီရန်က လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တွေကို ထောက်ပံ့နေတာ ရပ်တန့်အောင် ဖိအားပေးဖို့ ဆိုတာကလည်း မအောင်မြင်သေးပါဘူး။

ထရမ့်ရဲ့ စိန်ခေါ်မှုတွေကို ပိုတိုးလာစေတာကတော့၊ အခုဆိုရင် သူဟာ သေဆုံးသွားခဲ့တဲ့ အရင်ခေါင်းဆောင်တွေထက် ပိုပြီးသဘောထားတင်းမာတယ်လို့ ယူဆရတဲ့ အီရန်ခေါင်းဆောင်သစ်တွေနဲ့ ရင်ဆိုင်နေရတာပါ။ စစ်ပြီးကာလမှာတောင် သူတို့မှာ အိမ်နီးချင်းတွေကို ဆက်လက်ခြိမ်းခြောက်နိုင်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အလုံအလောက် ကျန်ရှိနေသေးတယ်လို့ အများက ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် သူတို့နဲ့ တိုင်ပင်ဆွေးနွေးခဲ့ခြင်းမရှိတဲ့ စစ်ပွဲတစ်ခုအတွက် ထရမ့်ရဲ့ အကူအညီတောင်းခံမှုတွေကို အများစုက ငြင်းဆန်ခဲ့ကြတဲ့ ဥရောပက ရိုးရာမဟာမိတ်ဟောင်းတွေနဲ့ ဆက်ဆံရေး ပိုမိုယိုယွင်းလာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း သူ ရင်ဆိုင်နေရပါတယ်။

တချိန်တည်းမှာပဲ တရုတ်နဲ့ ရုရှားတို့ကတော့ အီရန်ရဲ့ သမားရိုးကျမဟုတ်တဲ့ စစ်ပွဲနည်းဗျူဟာတွေအပေါ် အမေရိကန်စစ်တပ်ရဲ့ အားနည်းချက်တွေနဲ့ အမေရိကန်ရဲ့ လက်နက်ထောက်ပံ့မှုတချို့ ဘယ်လိုကုန်ခမ်းသွားသလဲဆိုတာတွေကနေ သင်ခန်းစာတွေ ရယူနေကြတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

Brookings Institution သုတေသနအဖွဲ့ရဲ့ အကြီးတန်းသုတေသီ ရောဘတ် ကေဂန် (Robert Kagan) ကတော့၊ ဒီရလဒ်ဟာ ဗီယက်နမ်နဲ့ အာဖဂန်နစ္စတန်တို့လို ပိုရှည်ကြာပြီး ပိုသွေးထွက်သံယိုများတဲ့ ပဋိပက္ခတွေကနေ ရှက်ဖွယ်ကောင်းစွာ ဆုတ်ခွာခဲ့ရတာထက်တောင် အမေရိကန်ရဲ့ ရပ်တည်မှုကို ပိုပြီး အဆုံးအဖြတ်ပေးမယ့် ဆုတ်ယုတ်မှုကြီး ဖြစ်လာလိမ့်မယ်လို့ ငြင်းခုံထားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံတွေဟာ "ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုရဲ့ အဓိကစစ်မျက်နှာပြင်တွေနဲ့ အလှမ်းဝေးခဲ့လို့" ပါပဲ။

"အရင်အခြေအနေကို ပြန်သွားဖို့ဆိုတာ မရှိတော့ပါဘူး။ ဖြစ်သွားခဲ့တဲ့ ထိခိုက်နစ်နာမှုတွေကို ပြန်လည်ပြင်ဆင်နိုင်မယ့်၊ ဒါမှမဟုတ် ကျော်လွှားနိုင်မယ့် အမေရိကန်ရဲ့ အပြီးသတ်အောင်ပွဲဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး" လို့ သူက The Atlantic မဂ္ဂဇင်း ဝက်ဘ်ဆိုက်မှာ “Checkmate in Iran” (အီရန်မှာ အကွက်ပိတ်ခံရခြင်း) လို့ အမည်ပေးထားတဲ့ လတ်တလော ဆောင်းပါးတစ်ပုဒ်မှာ ရေးသားခဲ့ပါတယ်။ END