#LocalNews

Published - 29 Nov 2021

မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါး ပြည်သူ ၈၇၅,၀၀၀ ဦးအတွက် ဆန်ရိက္ခာအထောက်အပံ့များကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ(WFP)အစီအစဉ်ဖြင့် စတင်ဖြန့်ဝေပေးလျက်ရှိ ကြောင်း WFP က ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။

WFP သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ၊ မြောက်ဥက္ကလာပနှင့် ဒဂုံဆိပ်ကမ်း(ဒုတိယအကြိမ်) မြိုနယ်တို့ရှိ အဆင်းရဲဆုံးဒေသများမှ လူဦးရေပေါင်း ၈၇၅,၀၀၀ အတွက် ဆန်ရိက္ခာအထောက်အပံ့များ စတင်ဖြန့်ဝေပေးလျက်ရှိပြီး မြို့ ပြဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များကို တိုးချဲ့ဖြန့်ဝေပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် WFP ဝန်ထမ်းအဖွဲ့များသည် စေတနာ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နှင့် ပူးပေါင်း၍ မြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ဒေသများရှိ ထိခိုက်လွယ်သူများလက်ဝယ်သို့ ဆန်ရိက္ခာများ တိုက်ရိုက်သေချာစွာရောက်ရှိအောင် ဆောင်ရွက်လျက်ရှိတယ်လို့လည်း ယ နေ့ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မေလမှ စတင်၍ WFP သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒလမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် နှင့်
ရွှေပြည်သာမြို့နယ်တို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ် နှင့် အောင်မြေသာဇံမြို့နယ်များရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း တစ်သန်းကျော်ကို အကူအညီများထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်တယ်လိုလည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပင် WFP သည် ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခဒဏ်ခံရသူ လူဦးရေ ၃၆၀,၀၀၀ တို့ကို လစဉ် စားနပ်ရိက္ခာ နှင့်/သို့မဟုတ် ငွေသား အထောက်အပံ့များ ဆက်လက်ပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဆန်ရိက္ခာအကူအညီ လိုအပ်ပါကလည်း ရိက္ခာဖြန့်ဝေနေစဉ်အတွင်း ဆက်သွယ်၍ဖြစ်စေ (သိုမဟုတ်) ဖြန့်ဝေထားသည့် ဆန်အိတ်များပေါ်တွင် ရိုက်နှိပ်ထားသော WFP ၏ အကူအညီပေးရေးဖုန်းနံပါတ်များသို့ခေါ်ဆို၍ဖြစ်စေ ဆက်သွယ်နိုင်မည်ဖြစ်ပြီး ဆက်သွယ်နိုင်မည့် နည်းလမ်း အချက်အလက်များကို ရိက္ခာဖြန့်ဖြူးသည့်နေရာများတွင်လည်း ရရှိနိုင် ကြောင်း WFP ကဆိုပါတယ် ။

ဓါတ်ပုံ - WFP