၁၄ ဩဂုတ် ၂၀၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်  EAO အဖွဲ့များအနေဖြင့် မြို့ရွာများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်များကို ဆန့်ကျင်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငရေး ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ပြောကြားပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမတွင် နေပြည်တော်သို့ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငရေး ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံ   တွေ့ဆုံ  ဆွေးနွေးခဲ့ရာမှာ ယင်းအချက်ကိုထည့်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ယခုလိုတွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။

မစ္စတာဝမ်ယိက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏အိမ်နီးချင်းကောင်း ၊မိတ်ဆွေဟောင်း၊မိတ်ဆွေကောင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံတယ်လို့လည်း  ဆက်လက် ပြောကြားပါတယ်။နစကရဲ့ ရှေ့လုပ်ငန်းစဉ်တွေနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုတွေကို ထောက်ခံတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကဆက်လက်ပြောကြားပါတယ်။

ယင်းနောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊အွန်လိုင်း လောင်းကစားမှုများ၊အွန်လိုင်းလိမ်လည်မှုများ၊အခြားငွေကြေးလိမ်လည်မှုများနှင့်တရားမဝင်လုပ်ငန်းများပပျောက်စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့်ကိစ္စရပ်များ၊တရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ၊ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာဝမ်ယီနှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သည့် Ms Ma Jia မစ္စမာကျား၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  Mr. Sun Weidong ၊အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijunမစ္စတာတိန့်ရှီကျွင်းနှင့်သံရုံးမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါတယ်။

မစ္စတာဝမ်ယိ၏ ယခုမြန်မာနိုင်ငံခရီးစဉ်သည်  တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိူးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနီးသော သံယောဇဉ်ကို ခိုင်ခဲ့စေကာ တရုတ်-မြန်မာ  အေးအတူ ပူအမျှ  အသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေး မြှင့်တင်ဖို့ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးစဉ် မတိုင်ခင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

@ymg/knl