နေပြည်တော်၊ မတ် - ၂၆၊၂၀၂၆

(၈၁) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအပြီးတွင် တပ်မတော်အတွင်း ခေါင်းဆောင်ပိုင်း အပြောင်း  အလဲများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတည်ပြု ပြောကြား  လိုက်သည်။

မတ်လ ၂၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သော (၈၁) နှစ်မြောက် တပ်မတော်နေ့အကြို အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့သည့် အခမ်းအနား တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မည်သူပင် ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် အစဉ်အဆက်သော ခေါင်းဆောင်များ၊ ဆရာ  သမားများ၏ လမ်းညွှန်ချက်၊ စစ်ပညာရပ်များနှင့် ချမှတ်ထားသည့် မူဝါဒများအတိုင်း ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြား သည်။

ထို့အပြင် တပ်မတော်၏ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးကို ဆက်လက်ကျေပွန်စွာ ထမ်း  ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီလည်း လက်တွဲညီညီ ပူးပေါင်း   ဆောငရွက် သွားမည်ဖြစ်ကြောင်း သူက အလေးပေး ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်  ဇနီး အပါအဝင် ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြ ပြီး အငြိမ်းစားတပ်မတော်အရာရှိကြီး (၁၈) ဦးနှင့် ဇနီး (၉) ဦး၊ စုစုပေါင်း (၂၇) ဦးတို့  အား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား ဂါရဝပြု ကန်တော့ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံရေးအကူးအပြောင်းနှင့် ပတ်သက်၍လည်း ရှင်းလင်း ပြောကြားခဲ့ရာ မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက် ကာ ဒီမိုကရေစီအစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာတော့မည်ဖြစ်ပြီး အဆိုပါအစိုးရသစ်အား နိုင်ငံတော်  တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန် (အငြိမ်းစား) က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ မကြာမီ ပေါ်ထွက်လာမည့် ဒီမိုကရေစီအစိုးရအနေဖြင့် တိုင်းပြည်ကောင်းမွန်စေရန်၊ တရားဥပဒေစိုးမိုးရန်နှင့် ပြည်သူလူထု၏ လူမှု  စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အဓိက  လိုအပ်ချက်ဖြစ်သဖြင့် တပ်မတော်၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း နိုင်ငံတော်  သမ္မတ(ငြိမ်း)လည်းဖြစ်သူ ဗိုလ်ချုပ်ကြီးသိန်းစိန်(အငြိမ်းစား)က ထောက်ပြခဲ့သည်။ ထို့ကြောင့် နိုင်ငံ  တော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အရည်အချင်းပြည့်ဝပြီး စွမ်းအင်ထက်မြက်သော တပ်မတော်ဖြစ်အောင် ကြိုးပမ်းသွားကြရန် သူကတိုက်တွန်းမှာကြားခဲ့သည်။

အခမ်းအနားအပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများက အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြု လက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေ  စွာ ပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

#ymg/knl