Published - 16 Nov 2021
ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ယခင်အစိုးရအဖွဲ့ဝင်ဟောင်း လူပုဂ္ဂိုလ် ၁၆ ဦးအား မဲမသမာမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထပ်မံ၍ တရားစွဲဆိုအရေးယူခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
UEC ၏ ထုတ်ပြန်ချက်အရ တရားစွဲဆိုခံရသူများတွင် ယခင်အစိုးရအဖွဲ့ဝင် ဟောင်းများဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီဟောင်း ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ မန္တလေးတိုင်းဝန်ကြီးဟောင်း ဒေါက်တာဇော်မြင့်မောင် နှင့် နေပြည်တော်ကောင်စီ ဥက္ကဌဟောင်း ဒေါက်တာမျိုးအောင်တို့လည်း ပါဝင် ကြောင်း သိရပါတယ်။
ယခင်အစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်သည့် နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် လူပုဂ္ဂိုလ်၁၆ ဦးတို့သည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ရာတွင် တည်ဆဲဥပဒေများတွင်ပါရှိသည့် ပြဌာန်းချက်များကို လျော်ကန်သင့်မြတ်သော ခွင့်ပြုချက်မရှိဘဲ မရိုးမဖြောင့်သော သဘောဖြင့် ဆန့်ကျင်ခြင်းပြစ်မှုကို ကျူးလွန်ခြင်းဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ကြသဖြင့် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာ တရားရုံးများတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က တရားစွဲဆို အရေးယူခဲ့ခြင်းဖြစ် ကြောင်း UEC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
သို့သော်လည်း မည့်သည့်ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။
ထို့အပြင် UEC အနေနဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခဲ့ရခြင်းအပေါ် တည်ဆဲဥပဒေများ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ ချိုးဖောက်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်စေရန် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှု ကျူးလွန်ခဲ့ကြသူများနှင့် ပါဝင်ပတ်သက်ဆောင်ရွက်ခဲ့ကြသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
#Yangon_Media_Group