#LocaL_News
Published 10 December 2023

စက်သုံးဆီတစ်လပျမ်းမျှ မက်ထရစ်တန်၅သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပြီး ယခုလအတွင်းလည်း ပြည်ပမှ ဆီတင် သင်္ဘော (၂၇) စီးထပ်မံတင်သွင်းရန် Suppliers များနှင့် ညှိနှိုင်းထားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

 

ပြည်တွင်း၌ စက်သုံးဆီ လက်ကျန် ပြတ်လပ်နေပြီဖြစ်ပြီး ဝယ်ယူရန် ခက်ခဲမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ၄က ရှင်းလင်းချက်ထုတ်ပြန်စဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်တွင်းသုံးစွဲမှုပမာဏ၏၉၀ရာခိုင်နှုန်းကျော်မှာ စင်ကာပူနိုင်ငံမှ အဓိကအားဖြင့် အချိန်နှင့် တစ်ပြေးညီဝယ်ယူတင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

 

'လက်ရှိအခြေ အနေမှာ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ဒသမဝသန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပါတယ်။ လစဉ်ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီ အမျိုးအစားအလိုက် ပမာဏကိုတွက်ချက်ပြီး အဲဒီပမာဏအတိုင်း သင်္ဘောတွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့ အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှုပမာဏ၊ ဘောက်ဆာတွေ ဝင်/ထွက်ထုတ်ယူဖြန့်ဖြူး ပေးနိုင်မှု အခြေအနေတို့နဲ့ ကိုက်ညှိပြီး ပြည်ပနိုင်ငံက ဆီတင်ယာဉ်သင်္ဘောတွေအတွက် Shipment Plan ကိုရေးဆွဲတင်သွင်းနေတာဖြစ်ပါတယ်။ ဒီအပြင် ရာသီအလိုက်၊ ပွဲတော်တွေအလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အလိုက်လိုအပ်ချက်တွေကိုလည်း ထည့်သွင်း သုံးသပ်ရေးဆွဲပြီးတင်သွင်းနေတာဖြစ်ပါတယ်'ဟု ၄င်းကဆိုသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ၈ရက်အထိသီလဝါသိုလှောင်ကန်စခန်းများ၊အခြားဒေသက သိုလှောင်ကန်စခန်းများ၌စက်သုံးဆီလက်ကျန်အခြေအနေဖြင့် ပြည်တွင်းးလမ်းခရီး သယ်ယူပို့ဆောင်နေမှုများ အပါအဝင် သီလဝါဒေသ Jetty များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၆ စီး၊ ပင်လယ်ဝ Pilot Station များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၉ စီး၊ စင်္ကာပူနိုင်ငံမှ ဆီတင်ပြီးထွက်လာသည့် ဆီတင်သင်္ဘော ၁ စီး၊ စုစုပေါင်း ၁၆ စီးရှိသည့်အတွက် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူတွေအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း သိရသည်။

 

'ဒီအပြင် နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇စီးနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီး လည်းဖြစ်ပါတယ်။'ဟုစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။

 

ထို့အပြင် စက်သုံးဆီအဓိကဖြန့်ဖြူးပေးနေသည့် သီလဝါဆိပ်ကမ်းမှ သိုလှောင်ကန်စခန်း ၈ ခု၌ တစ်နေ့လျှင်  ဘောက်ဆာအစီးရေ ၁၅၀၀မှ ၁၈၀၀ကြား ဝင်ထွက်ပြီးလုပ်ငန်းများဆောင်ရွက်နေသည့် အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန များဖြင့် ပူးပေါင်းပြီးဖြေရှင်းဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိရသည်။

 

#LocaL_News #တင်သွင်းဖြန့်ဖြူး #ဆီတင်သင်္ဘော(၂၇) စီးထပ်မံတင်သွင်း #YMG/NN #Yangon-Times