Published_ 14 November 2023

နယ်ဝေးမှတက္ကသိုလ်တက်နေရသူများအဆင်ပြေစေရန်အွန်လိုင်းမှ ကျောင်းဝင်ခွင့်မှတ်ပုံတင်နိုင်အောင်နှင့်မိုဘိုင်း Paymentဖြင့်ကျောင်းဝင်ကြေး၊ကျောင်းလခ၊စာမေးပွဲကြေးများသွင်းနိုင်အောင်စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

ယင်းကဲ့သို့ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက “ ပညာရေးဝန်ကြီးဌာနရှိတက္ကသိုလ်(၅၀)မှကျောင်းသားဦးရေစုစုပေါင်း ငါးသိန်းကျော် ၊ပညာရေးဒီဂရီကောလိပ် (၂၅)ကျောင်းတွင်ကျောင်းသားဦးရေနှစ်သောင်းနီးပါးရှိကြောင်း၊အထူး သဖြင့်အဝေးသင်ကျောင်းသားအချို့မှာ နယ်ဝေးမှတက္ကသိုလ်သို့ လာရောက်ကျောင်းအပ်ရန်အခက်အခဲရှိကြောင်း ၊ထိုကြောင့် User-Friendly Online Platformတည်ဆောက်ပြီး တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ Userများ အတွက် အဆင်ပြေချောမွေ့စွာအွန်လိုင်းမှ ကျောင်းဝင်မှတ်ပုံတင်ခြင်းပြုလုပ်ကာကျောင်းဝင်ကြေး၊ကျောင်းလခ၊ စာမေးပွဲကြေးများကိုOnline၊ Mobile Paymentစနစ်ဖြင့်ပေးသွင်းနိုင်သည့်စနစ် ကျင့်သုံးနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးနှင့် ပညာရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာ့စီးပွား ရေးဘဏ်(ရုံးချုပ်)အထွေထွေမန်နေဂျာ၊ကမ္ဘောဇဘဏ်၊ ဧရာဝတီ ဘဏ်၊CBဘဏ်၊ယူနိုက်တက်အမရာဘဏ်၊ Telecom International Myanmarတို့မှအကြီးအကဲနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ဘဏ်အကြီးအကဲများက ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကိုဆွေးနွေးခဲ့ကြပြီး မကြာမီဦးစီးကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ရှေ့ပြေးစီမံကိန်းများအကောင်အထည်ဖော်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 14 November 2023
#YMG #Yangon_Times #Yangon_Media_Group