#LocalNews
Published_13 March 2022

 

မြန်မာနိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားလိုသူများအနေနှင့် မတ်လ ၂၁ ရက် (တနင်္လာနေ့) မှ စတင်၍ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ Passport လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က သိရသည်။

 

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ တစ်နေ့လျှင် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂,၅၀၀ ဦးခန့်အား နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ လူအများအပြားလာရောက်ကြိုတင်တန်းစီနေကြရသောကြောင့် အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရသည့်အတွက် ကိုဗစ်-၁၉ ရောဂါအန္တရာယ်မှ လျော့နည်းလာစေရန်အတွက် ပြောင်းလဲရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် လျှောက်ထားသူတစ်ဦးချင်း၏ အမည်၊ အဘအမည်၊ မွေးနေ့၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ကျား၊မ စသည့် အချက်အလက်များကို website တွင် မှန်ကန်စွာဖြည့်သွင်း၍ Online Booking ရက်ချိန်းရယူကြရမည်ဖြစ်ကြောင်းနှင့် Online Booking စနစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို www.passport.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group