#LocalNews
Published - 20 Nov 2021
၂၀၂၁ခုနှစ် ၊နိုဝင်ဘာလ၄ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ တေးနုယဉ်လမ်းနေ ဦးသိန်းအောင်သည် ဇနီးနှင့်အတူ အိမ်ရာဝင်း အတွင်း လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးသိန်းအောင်သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မှ ကျူးလွန်သူများကို ဖမ်းဆီးရမိတယ်လို့ နစက ကထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ရာတွင် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် မသင်္ကာဖွယ်ရာစက်ဘီးစီးလာသည့် ကျား ၃ ဦးနှင့် ၎င်းတို့၏ နောက်မှ ကပ်လျက်လိုက်ပါလာသည့် HYUNDAI ACCENT အမျိုးအစား အဖြူရောင် ယာဉ်အားတွေ့ရှိကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာလ၈ရက်တွင် ပစ်ခတ်မှုဖြစ်စဉ်ပါ တရားခံဖြစ်သော စစ်ဇော်ကံ(ခ) ဟန်သာထွန်း(၁၉)နှစ် အား မင်္ဂလာဒုံမြိုနယ်၊ ပတ္တမြား ရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၁၈၇)နေအိမ်၌ ဆက်စပ်တရားခံ ဖြိုးအိကျော်(၂၄)နှစ် နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူ စစ်ဇော်ကံ(ခ)ဟန်သာထွန်း ၏ ထွက်ဆို ချက်အရလှိုင်မြို့နယ်၊(၇)ရပ်ကွက်၊ ကျောင်းကုန်း(၁)လမ်းနေ ပစ်ခတ်မှုဖြစ်စဉ်ပါသူ ဗညားစိုးထက်(ခ)လီယို (၂၃)နှစ်အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ အုတ်ပုံစုရပ်ကွက်၊ တောင်ပေါ်လမ်း(ခ)ဂျိုးဖြူကန်လမ်းနေ ဆက်စပ်တရားခံ စိုင်းစည်သူ (၃၅)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဇော်ကံ(ခ)ဟန်သာထွန်း သည် ဧပြီလ အတွင်း KNLA တပ်မဟာ(၆)နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ၎င်းအနေဖြင့် ရန်ကုန်မြို့ တွင်း ဥက္ကာ(ဖမ်းဆီးရန်ကျန်)ခေါင်းဆောင်သော ရန်ကုန်တော်လှန်ရေး အင်အားစု (YangonRevolution Force-YRF) တွင် ဒုတိယ ခေါင်းဆောင်အဖြစ်ပါဝင်၍ တရားခံ ဗညားစိုးထက်(ခ)လီယို မှာတတိယခေါင်းဆောင် အဖြစ်ပါဝင်ကြောင်း၊ တရားခံ ဖြိုးအိကျော်သည် YRF အဖွဲ့ တွင် ဘဏ္ဍာရေးမှူးအဖြစ်ပါဝင်ပြီး ထောက်ပံ့ရရှိငွေ များနှင့် လိုအပ်သည့် လက်နက်/ခဲယမ်းများ ဝယ်ယူမှုအား ချိတ်ဆက်ဆောင်ရွက်ပေးသူဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရဦးသိန်းအောင်အား လုပ်ကြံသတ်ဖြတ်သည့်နေ့တွင် ၎င်းသေနတ်များအား အသုံးပြုရန် ဗညားစိုးထက်(ခ)လီယိုမှ တစ်ပါတည်းယူဆောင်ခဲ့ကာ HYUNDAI ACCENT (အဖြူရောင်)ယာဉ်အား မောင်းနှင်ပြီး စစ်ဇော်ကံ(ခ)ဟန်သာထွန်းနှင့်အတူ သွားရောက်ခဲ့ကြောင်း၊ ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့် ဖိုးသား နှင့် သားငယ် တိုသည် စက်ဘီး ၂ စီးဖြင့်လိုက်ပါလာခဲ့ကြောင်း၊ ကုန်းမြင့်သာလမ်းအရောက်တွင် စစ်ဇော်ကံ(ခ)ဟန်သာထွန်း သည် ယာဉ်ပေါ်မှဆင်းပြီး ဖိုးသားထံမှ စက်ဘီးအားယူ၍ စီးနင်းထွက်ခွာသွားခဲ့ပြီး ဖိုးသားမှ ခြေလျင်ဖြင့်သွားရောက်၍ တေးနုယဉ်လမ်း အရောက်၌ ဦးသိန်းအောင် နှင့် ဇနီး ဖြစ်သူတိုအား ပစ္စတိုဖြင့်၇ချက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ် လို့ သိရပါတယ်။
#YangonMediaGroup