#Local_News
Published 7 June 2023

 

MPT ဆင်းမ်ကတ်များ မှတ်ပုံတင် တင်ပြီးသော်လည်း မတင်ရသေးဆိုကာ ဖုန်းဆက်အကြောင်းကြားမှုများကြောင့် သုံးစွဲသူအတော်များများ အခက်တွေ့နေကြရကြောင်းသိရပါတယ်။

 

“ ကျွန်တော့် ဆင်းမ်ကတ်က မှတ်ပုံတင်ထားပြီးသားပါ။ အဲဒီတုန်းကလည်း ပြန်စစ်တော့ မှတ်ပုံတင်ထားပြီးသားပါလို့ ပြန်ဖြေတယ်။ အခု ဖုန်းတွေနှင့်ပြန်ခေါ်တယ်။ လူကြီးမင်းဖုန်းက လဝက အချက်အလက်တွေနှင့် လွဲနေတယ်။ မတူဘူး။မှတ်ပုံပြန်တင်ပါတဲ့။ ဘာဖြစ်တာလဲ ဟု သုံးစွဲသူ တစ်ဦးက သူ၏ ဖေ့စ်ဘုတ်တွင်ရေးသားထားရာ အဆိုပါ ပို့စ်အောက်တွင် အလားတူဖြစ်နေကြသူများကလည်း ဟုတ်မှန်ကြောင်း ပြစ်တင်ရေးသားထားကြပါတယ်။

 

“ကျွန်တော့်ဖုန်းလည်းအဲသလိုဖြစ်တယ်။ မှတ်ပုံတင်ပြီးသားကို မတင်ရသေးဘူးတဲ့။ အဲဒါနှင့် MPT4Uနှင့် အမျိုးသား မှတ်ပုံတင်ကတ်ပါ သူတို့ခိုင်းတဲ့အတိုင်းလုပ်ပြီး မှတ်ပုံပြန်တင်တော့လည်း မှတ်ပုံတင်ကတ်က မမှန်ပါဘူးတဲ့” ဟု အခြားသုံးစွဲသူတစ်ဦးက ပြောပါတယ်။ မှတ်ပုံတင်ခိုင်း၍ ပြန်တင်ကြသူတော်တော်များများမှာ အလားတူအဖြစ်မျိုးကြုံနေကြရတယ်လို့လည်း သိရပါတယ်။

 

မှတ်ပုံတင်ထားပြီး၍ စစ်ဆေးပြီးသူများကို မှတ်ပုံမတင်ရသေးဟုဆိုကာ ထပ်မံမှတ်ပုံတင်ခိုင်းခြင်းနှင့် အချက်အလက်များကွဲလွဲနေသည်ဟုဆိုကာ ပြန်လည်မှတ်ပုံတင်ခိုင်းခြင်းတွေ ယခုတလောများပြားလာတာဖြစ်ပါတယ်။

 

“ကျွန်တော့်လည်းအဲသလိုအကြောင်းကြားလို့ MPT ဆိုင်သွားပြီး မှတ်ပုံတင်ပြ မှတ်ပုံတင်ထပ်တင်လိုက်တယ်။ အခုထက်ထိတော့ ဘာမှထပ်အကြောင်းမကြားသေးဘူး” ဟု မကြာသေးမီက မှတ်ပုံပြန်တင်ခဲ့သူတစ်ဦးက YMGကို ပြောပါတယ်။ ဟိုးအရင်က ဖုန်းတွေ “၅၀xxx” နှင့်စတာတွေ အဖြစ်များနေတယ်လို့ကြားတယ်ဟုလည်းသူကပြောပါတယ်။

 

MPTဘက်က ယင်းကဲ့သို့ ဖြစ်ပေါ်နေခြင်းအပေါ် သတင်းထုတ်ပြန်ချက်များထုတ်ပြန်သည်ကိုမတွေ့သေးပါ။ တစ်လအတွင်းပြန်လည်မှတ်ပုံမတင်ပါက ဖုန်းခေါ်ဆိုမှုနှင့် ဒေတာသုံးစွဲမှုများကန့်သတ် သွားမယ်လို့လည်း MPTမှ သုံးစွဲသူများထံ ဖုန်းဆက်သွယ်ခေါ်ဆိုမှုတွင် သတိပေးထားကြောင်းသိရပါတယ်။

 

#ymg/knl #Local_News #မှတ်ပုံတင်ထားပြီးMPTဆင်းကတ်များကို မှတ်ပုံပြန်တင်ခိုင်း #YMG #Yangon_Media_Group