#Local_News
Published - 7 July 2022

 

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်ပါက အလုပ်သမားအခွင့်အရေးရရှိမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

 

MoU စနစ်ဖြင့် တရားဝင်သွား ရောက်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံတွင် စနစ်တကျ နေထိုင်အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပေး ဖော်ပြထားသည်။

 

မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား MoU စနစ်ဖြင့် အလုပ်သမား စေလွှတ်ခြင်းလုပ်ငန်းစဥ်ကို ကိုဗစ် ၁၉ ကပ် ရောဂါကာလအတွင်း ယာယီရပ်နားထားခဲ့ရာမှ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၂၂ခုနှစ် မေလ ၁၀ ရက်နေ့မှ စတင်ကာ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၂ခုနှစ် မေလနှင့် ဇွန်လအတွင်း မြဝတီ - မဲဆောက်လမ်းကြောင်းမှ ၂၃ ကြိမ် စေလွှတ်ခဲ့ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီ ၂၅ ခုမှ ထိုင်းကုမ္ပဏီ ၇၂ ခုသို့ အလုပ်သမား ကျား ၅၂၅၂ ဦး၊ မ ၄၀၇၆ ဦး စုစုပေါင်း ၉၃၂၈ ဦး စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံသို့ တရားဝင် MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်သူများရှိသလို တရားမဝင်သွားရောက်လုပ်ကိုင်သူများလည်း ရှိနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group