#Local_News
Published 06 October 2026

■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနိုင်ငံ‌ေတာ်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးသွားရောက်မည်ဖြစ်သည်။

■ ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီ အန်ဝါ အီဘရာဟင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အဓိကကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

■ ဆွေးနွေးမည့်ကိစ္စရပ်များတွင် မလေးရှားနိုင်ငံ၌ တရားမဝင်ရောက်ရှိနေသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော မြန်မာနိုင်ငံသားများအား သဘောတူဆန္ဒလျှောက်၊ ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စများလည်း ပါဝင်မည်ဖြစ်သည်။

■ ထို့ပြင် ခေါင်းဆောင်နှစ်ဦးအနေဖြင့် အာဆီယံမူဘောင်များအောက်တွင် ဆောင်ရွက်လျက်ရှိသည့် အကောင်အထည်ဖော်မှုများကိုလည်း သုံးသပ်ဆွေးနွေးကြမည်ဖြစ်သည်။

■ ယခုခရီးစဉ်သည် မလေးရှားဝန်ကြီးချုပ်အနေဖြင့် ၂၀၂၆ ခုနှစ် မေလတွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်များ၊ ဘုံသဘောတူညီချက် ၅ ချက် (5PC) နှင့်အညီ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် မူဝါဒအခြေပြု ထိတွေ့ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အခွင့်အရေးရရှိစေမည်ဖြစ်သည်။

■ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကလည်း ဝန်ကြီးချုပ် ဒါတိုဆရီ အန်ဝါ အီဘရာဟင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိတွေ့ဆက်ဆံမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။

■ ထို့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုဆရီ ဥတမာ ဟာဂျီ မိုဟာမက် ဘင် ဟာဆန်သည် ၂၀၂၅ ခုနှစ် ဧပြီလ၊ အောက်တိုဘာလနှင့် ၂၀၂၆ ခုနှစ် မေလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးသည်။

■ မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မလေးရှားနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက် အာဆီယံ၏ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်သည်။

■ ဒေသတွင်း တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times