#Local_News
နေပြည်တော်၊ အောက်တိုဘာ ၂၉
■ နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့ ကြီးမှူးသည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ခမ်းနားစွာ ကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများသည် သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား၍ နေပြည်တော်တိုင်းပညာရေးမှူးရုံးသို့ စာရင်းပေးသွင်းလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
■ ပြိုင်ပွဲကို မူလတန်းအဆင့်အတွက် “အာကာသအိပ်မက်” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၀ ရက်၊ အလယ်တန်းအဆင့်အတွက် “လူသားနှင့် အနာဂတ်အာကာသ” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၁ ရက်၊ အထက်တန်းအဆင့်အတွက် “အသုံးချလေ့လာ အာကာသနည်းပညာ” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၂ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
■ မူလတန်းအဆင့်တွင် ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ်လေးသိန်း၊ တတိယဆု ကျပ်သုံးသိန်းနှင့် အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်နှစ်သိန်းစီ ချီးမြှင့်မည်ဖြစ်သည်။
■ အလယ်တန်းအဆင့်တွင် ပထမဆု ကျပ်ခုနစ်သိန်း၊ ဒုတိယဆု ကျပ်ခြောက်သိန်း၊ တတိယဆု ကျပ်ငါးသိန်းနှင့် အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်သုံးသိန်းစီ ချီးမြှင့်မည်ဖြစ်သည်။
■ အထက်တန်းအဆင့်တွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ်ကိုးသိန်း၊ တတိယဆု ကျပ်ရှစ်သိန်းနှင့် အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်ငါးသိန်းစီ ချီးမြှင့်မည်ဖြစ်သည်။
■ ဆုရရှိသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်မည့်အပြင် ပါဝင်ယှဉ်ပြိုင်သူအားလုံးကိုလည်း ပါဝင်ယှဉ်ပြိုင်ကြောင်း လက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်မည်ဖြစ်သည်။
■ လူငယ်များ အာကာသသိပ္ပံနှင့် နည်းပညာကို စိတ်ဝင်စားလာစေရန်နှင့် အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်နိုင်ရန် ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။
■ အကဲဖြတ်ရာတွင် သိပ္ပံဆိုင်ရာ စိတ်ကူးနှင့် တီထွင်ဖန်တီးမှု၊ အနုပညာလက်ရာနှင့် ကျွမ်းကျင်မှု၊ ရုပ်ပုံဖွဲ့စည်းမှု၊ ပေးလိုသည့်သတင်းစကားနှင့် ထူးခြားမှု၊ မြန်မာအငွေ့အသက်နှင့် အာကာသနယ်ပယ်ကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားမှုတို့အပေါ် အမှတ်ပေးမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
#YMG #Yangon_Times #Yangon_Media_Group