#Local_News
Published 17 November 2026

■ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ကို အတူတကွ ကျင့်သုံးကာ အောင်မြင်မှုရလဒ်ကောင်းများစွာရရှိခဲ့ကြောင်း တရုတ်သံအမတ်ကြီး Ms. Ma Jia က ပြောသည်။

■ နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီက WYNDHAM GRAND YANGON Hotel
၄ လွှာ အစည်းအဝေးခန်းမ၌ ကျင်းပသည့်၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ် တရုတ်-မြန်မာ မီဒီယာ တွေ့ဆုံပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေး စိတ်ဓာတ်ရှင်းလင်းမိတ်ဆက်ပွဲတွင် တရုတ်သံအမတ်ကြီး Ms. Ma Jia မှ အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

■ တရုတ်သံအမတ်ကြီး Ms. Ma Jia က ယခုနှစ် ဇွန်လအတွင်း၌ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်စဉ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ကို မြန်မာနိုင်ငံမှ အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့ကြောင်း၊ မြန်မာအစိုးရ၊ မီဒီယာ၊ Think Tank နှင့် ပညာရှင်မိတ်ဆွေများက ဆက်စပ်ဆွေးနွေးပွဲများတွင် အကြိမ်ကြိမ်ပါဝင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄)ရပ်အပေါ် သဘောတူညီမှုနှင့် ထောက်ခံမှုကိုဖော်ပြခဲ့ကြကြောင်း၊ ယခုလိုအခါသမယ၌ မိတ်ဆွေများအား ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ဆိုင်ရာ တရုတ်နိုင်ငံ၏ အယူအဆနှင့် လက်တွေ့ကျင့်သုံးမှုများကို ထပ်မံမိတ်ဆက်ပေးလိုကြောင်းပြောကြားသည်။

■ "လက်ရှိမှာကမ္ဘာကြီးဟာ ရာစုနှစ်အတွင်း မကြုံစဖူး အပြောင်းအလဲကြီးများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေပြီး နိုင်ငံအသီးသီးမှ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့်အပြန်အလှန်အကျိုးဖြစ်ထွန်းရေးတို့ကို ပိုမိုမျှော်လင့်လာကြကာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတစ်ရပ် ထူထောင်ရန်မျှော်လင့်နေကြပါတယ်။

■ တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးသည် ပြင်းထန်သော စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်ပြီး တောင်နှင့်မြောက် ဖွံဖြိုးတိုးတက်မှု ကွာဟချက်ဆက်လက်ကျယ်ပြန့်လာနေကာ ဒေသတွင်း အရေးပေါ် ပြဿနာများ ထပ်တလဲလဲဖြစ်ပေါ်နေပြီး ယဉ်ကျေးမှုကူးလူးဖလှယ်မှုများ ပြင်းထန်စွာ တားဆီးခံနေရကာ ဗိုလ်ကျစိုးမိုးရေးဝါဒ (Hegemonism) ၊ တစ်ဖက်သတ်ဝါဒနှင့် တစ်ကိုယ်ကောင်းဆန်သော အကာအကွယ်ပေးမှုဝါဒ (Unilateral Protectionism) တို့ ပြန်လည်ပေါ်ထွက်လာနေပါတယ်။

■ “ကမ္ဘာကြီး ဘာဖြစ်နေသလဲ၊ ကျွန်တော်တို ဘာလုပ်ရမလဲ” ဆိုသော ခေတ်ကာလရဲ့မေးခွန်းကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က လူသားမျိုးနွယ်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာကို ရှုမြင်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံနှင့်ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံတိုကို အဆက်မပြတ် အဆိုပြုခဲ့ပြီး ဖွံဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲမှု ဟူသော ရှုထောင့် (၄) ရပ်မှ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ထိရောက်သော လမ်းကြောင်းများကို ပံ့ပိုးပေးကာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် အများပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်သော ပြည်သူ့အကျိုးပြုစနစ်ကို တည်ဆောက်ပေးခဲ့ပါတယ် " ဟု Ms. Ma Jia က ပြောသည်။

■ ထိုအပြင် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်သည် နိုင်ငံတကာအသိုင်းအဝိုင်း ရင်ဆိုင်နေရသော ထင်ရှားသော ပြဿနာများကို အာရုံစိုက်ပြီး နိုင်ငံအသီးသီးမှ ပြည်သူများ၏ ဘုံမျှော်လင့်ချက်များကို ကူညီပေးကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အစီအမံသည် နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် အခြေခံထားပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ညှိနှိင်းကာ အားလုံးပါဝင်နိုင်သော အဆင့်သစ်သို တက်လှမ်းစေရန် ကူညီပေးကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံသည် နိုင်ငံတကာ အငြင်းပွားမှုများကို ဆွေးနွေးညှိနှိင်းမှုဖြင့် ဖြေရှင်းရန်အာရုံစိုက်ပြီး လူသားမျိုးနွယ်၏ လုံခြုံရေး အကျပ်အတည်းကို ဖြေရှင်းရန် အတွေးအခေါ်သစ်များ ပံ့ပိုးပေးကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံသည် ကမ္ဘာ့ယဉ်ကျေးမှု ကွဲပြားခြားနားမှုကို လေးစားရန် အဆိုပြုပြီး မတူညီသော ယဉ်ကျေးမှုများအကြား သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် လက်တွေ့ကျသော လမ်းကြောင်းများပံ့ပိုးပေးကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံသည် အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ နိုင်ငံတကာ ဥပဒေစိုးမိုးမှု၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism)၊ လူသားဗဟိုပြုမှုနှင့် လုပ်ဆောင်ချက်ဦးတည်မှု ဟူသော အဓိက အယူအဆ (၅) ရပ်ကို အလေးထားပြီး မတည်ငြိမ်မှုနှင့် အပြောင်းအလဲများ ဖြစ်ပေါ်နေသော ကမ္ဘာကြီးအတွက် စီမံခန့်ခွဲမှုကွာဟချက်ကို ဖြည့်ဆည်းကာ လှပသော အနာဂတ်ကို အတူတကွ ဖန်တီးရန် ခေတ်ကာလနှင့် ကိုက်ညီသော ဖြေရှင်းနည်းများကို ပံ့ပိုးပေးကြောင်း Ms. Ma Jia က ပြောကြားသည်။

■ "တရုတ်-မြန်မာ နှစ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ကို အတူတကွ ကျင့်သုံးကာ အောင်မြင်မှုရလဒ်ကောင်းများစွာရရှိခဲ့ပြီး ဖွံဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးနှင့် ဖွံဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation) ရန်ပုံငွေများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် စီမံကိန်းပေါင်း (၁၄၀) ကျော်ကို ပံ့ပိုးကူညီခဲ့ပြီး မြန်မာနိုင်ငံ၏ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးကိုလည်း တက်ကြွစွာထောက်ခံကူညီခဲ့ပါတယ်၊ လုံခြုံရေး ကဏ္ဍတွင် နှစ်နိုင်ငံဟာ နှစ်နိုင်ငံနဲ့ ဘက်စုံ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိင်းစေပြီး အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှု စတဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို အတူတကွနှိမ်နင်းကာ နှစ်နိုင်ငံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ထိရောက်စွာကာကွယ်စောင့်ရှောက်ခဲ့ပါတယ်" ဟု သံအမတ်ကြီးကပြောသည်။

■ ထိုအပြင်တရုတ်-မြန်မာ နှစ်နိုင်ငံသည် အတူတကွ ဒုက္ခသုခခံစားကြသည့် ဆွေမျိုးပေါက်ဖော်ညီကို များဖြစ်ကြသကဲ့သို အပြန်အလှန် စောင့်ရှောက်ကူညီကြသည့် အေးအတူပူအမျှ အသိုက်အဝန်းလည်းဖြစ်ကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီ အစည်းအဝေးသည် တရုတ်ပုံစံ ခေတ်မီမှုလုပ်ငန်းစဉ်ကို ချောမွေ့စွာ တွန်းအားပေးရန်အတွက် ပိုမိုခိုင်မာသော အာမခံချက်များကို ပံ့ပိုးပေးရုံသာမက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့်အတူ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိင်းစေရန်အတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။

#YMG/NN #Yangon_Times