#Local_News
Published 25 July 2026

■ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် လုံးတော်ပြည့်ရောင်တော်ဖွင့် ဆေးသင်္ကန်း ကပ်လှူပြီးစီးအောင်မြင်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်အောင်ပွဲ သုံးနှစ်ပြည့်အထိမ်းအမှတ် ရွှေကြာသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတို့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။

■ အခမ်းအနားများသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

■ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်ပြီး ရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်ပူဇော်ကြသည်။

■ ထို့နောက် “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ဒေဝနိမန္တနစာတမ်းဖတ်ကြား၍ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ သရဏဂုံသုံးပါးနှင့် မေတ္တာပို့လင်္ကာများ ရွတ်ဆိုခြင်း၊ မေတ္တာဘာဝနာပွားများခြင်းတို့ ဆောင်ရွက်ကြပြီး နိုင်ငံတော်သမ္မတက ရွှေကြာ သင်္ကန်းတော်ကို ရုပ်ပွားတော်မြတ်ကြီး၏ လက်တော်အရောက် ကပ်လှူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်သည်။

■ ထို့အပြင်အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် နိုင်ငံတော်သမ္မတက မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ ကပ်လှူပူဇော်သည်။

■ နိုင်ငံတော်သမ္မတနှင့်ဇနီးအပါအဝင် အခမ်းအနားတက်ရောက်လာကြသူများသည် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ကြီးများ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်းသတင်းရရှိသည်။