#Local_News
Published 20 October 2026

■ ပြည်ပပို့ကုန် သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကျန်ရှိမှုကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်နိုင်သဖြင့် တောင်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဓာတ်ကြွင်းကင်းရှင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက တိုက်တွန်းပြောကြားသည်။

■ ပြည်ပပို့ကုန် သီးနှံထွက်ကုန်များ၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းရှင်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့စဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

■ မြန်မာနိုင်ငံထွက် ကုန်ပစ္စည်းများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် အန္တရာယ်ရှိကြောင်း သတ်မှတ်ခံရပါက နိုင်ငံ၏အကျိုးစီးပွားနှင့် နိုင်ငံခြားဝင်ငွေရရှိမှုအပြင် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကိုပါထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှစ၍ ပိုးသတ်ဆေးဓာတ်ကြွင်း မကျန်ရှိစေရေး ဂရုတစိုက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

■ အလားတူ UMFCCI ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်ကလည်း ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် ထုတ်ကုန်အရည်အသွေး စစ်ဆေးမှုများကို အကောင်းဆုံးဆောင်ရွက်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး အသင်းအဖွဲ့များ၊ ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

■ ဆွေးနွေးပွဲတွင် ပြည်ပပို့ကုန် သီးနှံထွက်ကုန်များ၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကို သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူက ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#YMG/SW #Yangon_Times