#Local_News
Published 9 September 2026
■ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရပ်ထားသည့်ကားပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း လူတစ်ဦး ပိတ်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
■ ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်က ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
■ ရပ်ထားသည့်ကားပေါ်သို့ သစ်ပင်လဲကျရာမှ ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
■ ထိုသို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ကားခေါင်းခန်းအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦးအား နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမှာ မစိုးရိမ်ရကြောင်း သိရသည်။
■ ဒဏ်ရာရရှိသူအား မီးသတ်တပ်ဖွဲ့ဝင်များက မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#YMG/SW #Yangon_Times