#Local_News
Published 02 November 2026
■ အယ်လ်နီညိုဖြစ်စဉ် အားအလွန်ကောင်းသည့်အခြေအနေတွင် ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အမြင့်ဆုံးအခြေအနေသို့ရောက်ရှိနိုင်သဖြင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများအတွင်း အပူချိန်မြင့်တက်ခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးအကြံပြုထားသည်။
■ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များအရ အီကွေတာအနီး အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် ၂ ဒသမ ၅ ဒီဂရီမှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေပြီး အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေ ဆက်လက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
■ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ ပြောင်းလဲခြင်း၊ အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည်။
■ ထို့ပြင် မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်းနှင့် ရေကန်များတွင် ရေနည်းပါးခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်ခြင်းတို့အပြင် အပူရှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်ကြောင်းလည်း သတိပေးထားသည်။
■ ရေလှောင်တမံများသို့ ရေဝင်ရောက်မှု လျော့နည်းပါက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု ကျဆင်းပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာနိုင်သဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် အကြံပြုထားသည်။
#YMG/SW #Yangon_Times