#Local_News
Published 28 September 2026

■ လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာချိန်၌ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့‌ေကြာင်း သိရသည်။

■ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မရမ်းကုန်းမြို့နယ်ရုံး ဓာတ်အားခွဲရုံ၊ တော်ဝင်ဓာတ်အားခွဲရုံ၊ ၁၀ မိုင်ဓာတ်အားခွဲရုံ၊ လှော်ကားပင်မဓာတ်အားခွဲရုံနှင့် ရွာမဓာတ်အားပေးစက်ရုံတို့၏ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် ကြံ့ခိုင်ရေးဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

■ လာမည့်နွေရာသီ ဓာတ်အားသုံးစွဲမှုမြင့်မားချိန်တွင် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင်ခြင်း၊ ဝန်အားမျှတစွာ ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ရန်နှင့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ ကြံ့ခိုင်မှုရှိစေရေး ကြိုတင်စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရန် YESC ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times