#Local_News
Published 14 October 2026
■ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက်နေ့နံနက်တွင်တမံအောက်ပိုင်းအိလျောကျမှုဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ကုသမှုကြောင့် တစ်ဆထက်တစ်ဆ အခြေအနေတိုးတက်ကောင်းမွန်လာနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
■ အဆိုပါ မမြရေလှောင်တမံသည်မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၁၅ ပေ မှ ယနေ့တွင် တမံရေမှတ်လျော့ကျမှုမှာ ၃၁၀.၃ ပေသို့ စုစုပေါင်း ၄.၇ပေ တမံရေလျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ် ကြောင်း ၊ ရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ် ပြွန်မှ ၄၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချနေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၂၀ ပေ မှ ယနေ့တွင် ၃၀၅ ပေသို့ မြေတူးစက် (၂) စီးဖြင့် ဆက်လက်နှိမ့်ချ၍ ၅၀၀ ကုဗပေ/စက္ကန့် ထပ်မံလျှော့ချလျက်ရှိသဖြင့် စုစုပေါင်း ၉၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ၎င်းအပြင် တမံအောက်ပိုင်းအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှမြေသားတမံပုံစံ တမံအောက်ခြေ ထောက်ခြင်းအား မြေတူးစက် (၄) စီး၊ မြေထိုးစက် (၃) စီး၊ မြေသယ်ယာဉ် (၇) စီးတို့ဖြင့်ဆောင်ရွက်နေကြောင်းသိရသည်။
■ မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) ကို အလျား ၅၅၀ ပေ၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝအကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ ထည့်သွင်း တည်ဆောက်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား စက်အင်အား၊ လူအင်အားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၊ မမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှုကြောင့် ပြည်သူများဘေးအန္တရာယ်ထိခိုက်မှုမရှိစေရေးအတွက် တမံအောက်ပိုင်းအိလျောကျမှု ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်တမံရေအမြန်ဆုံး လျှော့ချနိုင်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက်အားတိုက် အနီးကပ်ပြုစုကုသပေးလျှက်ရှိနေပါသောကြောင့် အထူးတိုးတက်ကောင်းမွန်လာနေပြီဖြစ်ပါကြောင်း မိဘပြည်သူများအားအသိပေးအပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times