#Local_News
Published 28 October 2026

■ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

■ ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ မုန်တိုင်း “အာနာဘ်” သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပြီး ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၆၀ ခန့်၊ အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၁၀ ခန့်နှင့် ကာကီနာဒါမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

■ မုန်တိုင်း၏ ဗဟိုချက်လေဖိအားမှာ ၉၇၉ ဟက်တိုပါစကယ်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၈၀ မှ ၈၅ မိုင်ခန့်အထိ ရှိကြောင်းသိရသည်။

■ မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ပြည်နယ် ကမ်းရိုးတန်းကို ဘပတ်လနှင့် ဗီဆာကာပတ္တနမ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။

■ သို့သော် မုန်တိုင်းအရှိန်ကြောင့် ယနေ့မွန်းလွဲပိုင်းမှ အောက်တိုဘာ ၂၉ ရက်အတွင်း နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အပြင် ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလက သတိပေးထားသည်။

■ ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၃၀ အထိ ရှိနိုင်သည့်အပြင် လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်အထိရှိနိုင်ကြောင်း သိရသည်။

■ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့်မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် ပြည်တွင်းလေကြောင်းခရီးစဉ်များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း သတိပြုရှောင်ရှားကြရန် မိုး/ဇလက အသိပေးထားသည်။

#YMG/SW #Yangon_Times