#Local_News
Published 26 November 2026
■ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုထက်ပိုမိုကိုင်ဆောင်ထားသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ အပိုကိုင်ဆောင်ထားသည့် ကတ်ပြားနှင့် စာရင်းများကို သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးများသို့ ကိုယ်တိုင်သွားရောက်ကာ ပယ်ဖျက်ဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထားသည်။
■ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုထက်ပိုမိုကိုင်ဆောင်ထားသူများကို သက်ဆိုင်ရာ လဝကရုံးများသို့ ပြန်လည်အပ်နှံကြရန် ယခင်ကတည်းက ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အကြိမ်ကြိမ်အသိပေးခဲ့ကြောင်း သိရသည်။
■ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်ကိုင်ဆောင်သူ ၅၂ သန်းကျော်ကို e-ID Server တွင် စာရင်းသွင်းထားပြီးဖြစ်သော်လည်း စိစစ်ရေးကတ်ပြားတစ်ခုထက်ပိုမိုကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်းတစ်နေရာထက်ပိုမိုပါဝင်နေသူများ ရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ ထို့ကြောင့် အပိုကိုင်ဆောင်ထားသည့် စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ ကိုယ်တိုင်သွားရောက်၍ ညှိနှိုင်းပယ်ဖျက်ကြရန် တိုက်တွန်းထားသည်။
■ သတ်မှတ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်အထိ လာရောက်ဆောင်ရွက်ခြင်းမရှိပါက နောက်ဆုံးထုတ်ယူထားသည့် စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းကိုသာ အတည်ပြုမည်ဖြစ်ပြီး အပိုကိုင်ဆောင်ထားသည့် ကတ်ပြားနှင့် စာရင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကအသိပေးထားသည်။
#YMG/NN #Yangon_Times