#Local_News
Published 24 September 2026
■ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို မျှဝေဖလှယ်သည့် “လက်ဖက်ဆွေသဟာ တရုတ်-မြန်မာ၊ လဝန်းထိန်သာ ကမ္ဘာတစ်ဝန်းမှာ” ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် လက်ဖက်ယဉ်ကျေးမှုပြပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ လှိုင်မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
■ ပွဲတော်အတွင်း တရုတ်နှင့်မြန်မာတို့၏ လက်ဖက်ယဉ်ကျေးမှုနှင့် ရိုးရာအနုပညာလက်ရာများအပြင် ဒေသအသီးသီးမှ အစားအသောက်နှင့် လယ်ယာထွက်ကုန်များကို တစ်နေရာတည်းတွင် စုစည်းမိတ်ဆက်ခဲ့ပြီးယင်းပြပွဲတွင် ဝါးကျည်တောက်လက်ဖက်ခြောက် ပြုလုပ်သည့်အတတ်ပညာ၊ ဟားနီတိုင်းရင်းသား ရိုးရာပန်းထိုးပညာ၊ ပိုင်တိုင်းရင်းသား ဆေးဆိုးပန်းရိုက်ပညာတို့အပြင် ယူနန်ဒေသ၏ Tile Cat ယဉ်ကျေးမှုနှင့် Jiama နတ်ရုပ်ယဉ်ကျေးမှု လက်ရာများကို ခင်းကျင်းပြသခဲ့သည့်အပြင် ယူနန်ဒေသ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် လက်ဖက်ပြုလုပ်ခြင်းအတတ်ပညာ၊ ယူနန်နှင့် တက်ဟုန်းဒေသထွက်စားဖွယ်များ၊ ကျန်းရှီးဒေသစားဖွယ်များ၊ ဟေးလုံကျန်းဒေသထွက် လယ်ယာထွက်ကုန်များနှင့် ကြွေထည်လက်ရာများကိုလည်း ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူများအား ဒေသထွက်အစားအစာများဖြင့် ဧည့်ခံခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း မြန်မာ့လက်ဖက်ယဉ်ကျေးမှုနှင့် လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်များကို ထည့်သွင်းပြသခဲ့သည်။
ထို့အပြင်ယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များအဖြစ် ယူနန်လူမှုဘဝနှင့် ခရီးသွားလုပ်ငန်း မိတ်ဆက်ဗီဒီယိုပြသခြင်း၊ ယူနန်တိုင်းရင်းသားအကနှင့် မီးပွဲတော် တင်ဆက်ခြင်း၊ တရုတ်-မြန်မာ ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။
■ တရုတ်ယဉ်ကျေးမှုစင်တာ(ရန်ကုန်) တာဝန်ခံ Mr. Han Jiajun က တရုတ်နှင့် မြန်မာနှစ်နိုင်ငံတွင် ရှည်လျားသည့် လက်ဖက်ယဉ်ကျေးမှု အစဉ်အလာများရှိပြီး တရုတ်လူမျိုးများ၏ လက်ဖက်ရည်သောက်သုံးခြင်းနှင့် မြန်မာလူမျိုးများ၏ လက်ဖက်သုပ်စားသုံးခြင်း၊ ရေနွေးကြမ်းသောက်သုံးခြင်းတို့သည် နှစ်နိုင်ငံပြည်သူများ၏ နေ့စဉ်လူနေမှုဘဝနှင့် ဆက်စပ်နေသည့် ယဉ်ကျေးမှုများဖြစ်ကြောင်းပြောကြားသည်။
■ ထို့အတူ တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သကဲ့သို့ ပြည်သူအချင်းချင်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလည်း ကာလရှည်ကြာ တည်တံ့လာခဲ့ကြောင်း၊ အဆိုပါဆောင်းဦးလယ်လမုန့်ပွဲတော်သည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်မှုမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ပေးနိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ၎င်းကဆိုသည်။
■ ဆောင်းဦးလယ်လမုန့်ပွဲတော်သည် မိသားစုများ ပြန်လည်ဆုံစည်း၍ လပြည့်ဝန်းကို ကြည့်ရှုသည့် တရုတ်ရိုးရာပွဲတော်ဖြစ်ပြီး လမုန့်စားသုံးခြင်းနှင့် လက်ဖက်ရည်သောက်သုံးခြင်းတို့မှာ ပွဲတော်နှင့်အတူ တွဲဖက်ကျင်းပလေ့ရှိသည့် ရိုးရာဓလေ့များဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times