#Local_News
Published 24 September 2026

■ တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့၌ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားလာရေးပြခန်းတွင် မြန်မာနိုင်ငံယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

■ အဆိုပါ ခရီးသွားလာရေးပြခန်းတွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအပါအဝင် နိုင်ငံတကာမှ ၈ နိုင်ငံ၊ တရုတ်ပြည်မကြီးနှင့် ဒေသအသီးသီးမှ ခရီးသွားလုပ်ငန်းရှင်များ၊ နည်းပညာကုမ္ပဏီများနှင့် ဒေသထွက်ကုန်လုပ်ငန်းများပါဝင်ခဲ့ပြီး ကုမ္ပဏီ ၁,၃၅၀ နှင့် ပြခန်း ၁,၇၂၀ ခင်းကျင်းပြသခဲ့သည်။

■ မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်တွင် ကွမ်ရှီးဒေသအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသ ခရီးသွားလာမှု ပိုမိုလွယ်ကူချောမွေ့စေရေး၊ တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေးနှင့် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးခဲ့သည်။

■ ထို့ပြင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ သဘာဝအခြေခံခရီးစဉ်ဒေသများ၊ ခရီးသွားအတွေ့အကြုံများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး မြန်မာခရီးသွားကုမ္ပဏီများက တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားအေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းချင်း ချိတ်ဆက်ဆွေးနွေးခဲ့ကြသည်။

■ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကွေ့လင်မြို့ရှိ အထင်ကရခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုပေးမှုများကိုလည်း လေ့လာခဲ့ပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသစီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးတို့အတွက် အတွေ့အကြုံများရရှိခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times