#Local_News
Published 11 November 2026

■ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။

■ ဦးစွာ ASEAN-PAC ၏ (၂၁)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

■ ယင်းနောက် ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် အာဆီယံဒေသတွင်း ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဘုံကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ASEAN- PAC အစည်းအဝေးသို့ ပါဝင်တက်ရောက်၍ ဆွေးနွေးပေးကြမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား နွေးထွေးစွာ ကြိုဆိုပါကြောင်း။

■ ယနေ့ကျင်းပသည့် အစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အတွေ့အကြုံကောင်းများကို အပြန်အလှန်မျှဝေနိုင်ရန် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် ယနေ့အစည်းအဝေး၏ ရည်ရွယ်ချက်ဖြစ်သည့် “လူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်၍ အဂတိကင်းစင်သော အနာဂတ်ကို တည်ဆောက်ကြ ပါစို့” ဆိုသည့် ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် မိမိတို့အားလုံးက ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ပါဝင်မှုသည် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရေးအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် အာဆီယံဒေသအတွင်း လူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပြီး အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ကို အတူတကွဖော်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ ယနေ့အစည်းအဝေးမှ အကျိုးရှိသည့် ဆွေးနွေးမှုများ၊ အတွေ့အကြုံများနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုများပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

■ ယင်းနောက် ASEAN-PAC ၏ (၂၁)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ က ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌထံ ASEAN-PAC ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်သည်။

■ ဆက်လက်၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေး တက်ရောက်လာကြသူများကို ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

■ ထို့နောက် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ASEAN-PAC ၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရစုံစမ်းစစ်ဆေးရေးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ တိုင်ကြားစာများ စုံစမ်းစစ်ဆေးရေးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုတို့မှ တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးပထမနေ့ကို ရုပ်သိမ်းလိုက်သည်။

■ ညပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times