#Local_News
Published 01 August 2026

■ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အထူးဇုန် ၁၂ ခု သတ်မှတ်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ရော်ဘာ၊ ဝါ၊ ဝါးစသည်တို့ကိုလည်း တိုးချဲ့စိုက်ပျိုးရန်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ပြောသည်။

■ ဇူလိုင် ၃၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (၁၂) ရက်မြောက်နေ့၌ ပြောကြားသည့် အစိုးရ ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း၌ နိုင်ငံတော်သမ္မတကြီးကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

■ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်စပ်လျဉ်း၍ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အထူးဇုန် ၁၂ ခု သတ်မှတ်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နှမ်းနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင်အထွက်နှုန်းတင်း ၂၀ သတ်မှတ်ထားသော်လည်း အမှန်တကယ်အထွက်နှုန်းသည် ၉ ဒသမ ၆ တင်းသာ ရှိသည့်အတွက် ၅၀ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရပါကြောင်း၊ ပန်းတိုင် အထွက်နှုန်း ပြည့်မီမည်ဆိုပါက ထုတ်လုပ်မှုကုန်ကျစရိတ်များကျဆင်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

■ ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှု ပမာဏအရ လူတစ်ဦးအတွက် ဆီကိုတစ်နှစ်တွင် ငါးပိဿာမှ ခြောက်ပိဿာကြားသာ စားသုံးသင့်သော်လည်း မိမိတို့နိုင်ငံသားများအနေဖြင့် တစ်နှစ်တွင် ရှစ်ပိဿာကျော်အထိ စားသုံးနေသည့်အတွက် ပုံမှန်သုံးစွဲသင့်သည့် ပမာဏထက် များစွာကျော်လွန်သုံးစွဲနေသည်ကိုလည်း စစ်တမ်းများအရသိရကြောင်း၊ ဆီစားများခြင်းသည် ပြည်သူများ၏ ကျန်းမာရေးဆိုးကျိုးများကို ဖိတ်ခေါ်နေသည့်အပြင် ပြည်ပက စားအုန်းဆီ တင်သွင်းရသည့်အတွက် နိုင်ငံခြားငွေ အများအပြား သုံးနေရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅ ဒသမ ၅ သိန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၄ သိန်း တင်သွင်းခဲ့ရကြောင်း၊ ထို့ကြောင့် ဆီစားနှုန်းလျှော့ချပြီး နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အထူးအလေး ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

■ ထို့အပြင် မိမိတို့အစိုးရအနေဖြင့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ရော်ဘာ၊ ဝါ၊ ဝါးစသည်တို့ကို တိုးချဲ့စိုက်ပျိုးရန် ရော်ဘာကို ပြည်တွင်း၌ အရည်အသွေးရှိရှိ ထုတ်လုပ်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ ဝါမျိုးစုံစိုက်ဧက ၅ ဒသမ ၅ သိန်းခန့် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၇-၂၀၂၈ စိုက်ရာသီတွင် ဧကခြောက်သိန်းအထိ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုထွက်ရှိနေသည့် ဝါအထွက်နှုန်းနှင့် စိုက်ဧကမှန်ကန်ပါက ပိုလျှံမှုများစွာရှိမည်ဖြစ်သောကြောင့် မိမိတို့ ပြည်ပသို့ တင်ပို့နိုင်ပါကြောင်း၊ လက်ရှိတွင် ဝါထွက်နှုန်းသည် ပျမ်းမျှတစ်ဧကတွင် ၄၉၉ ပိဿာသာရှိသောကြောင့် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ အထိထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေများစွာရနိုင်မည်ဖြစ်သည့်အတွက် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times