#Local_News
Published 01 August 2026

■ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် မုံရွာ-ယာကြီး-ကလေးဝ-ကလေး-တမူး ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်လုံးကို အစိုးရသစ်၏ ရက်၁၀၀ပြည့်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက် ယနေ့တွင် ထုတ်ပြန်သည်။

■ တပ်မတော်စစ်ကြောင်းများသည် ဇွန်လ ၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းကို ဇူလိုင်လ ၇ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်၊ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်ကို ဇွန်လ ၇ ရက်နေ့မှစ၍ တမူးမြို့ဘက်နှင့် ကလေးမြို့ဘက်တို့မှ နှစ်ဘက်စစ်ကြောင်းခွဲ၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ဇူလိုင်၃၁ရက်နေ့တွင်ရန်တိုင်းအောင်ကျေးရွာ၌ နှစ်ဘက်စစ်ကြောင်းများ ချိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

■ အဆိုပါ စစ်ဆင်ရေးကာလအတွင်း လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် စုစုပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တစ်ဖက်အဖွဲ့များထံမှလည်း အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ကျဆုံးခဲ့ရကြောင်းသိရသည်။

■ ဇွန်လ ၁၀ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ အဆင့်ဆင့် တိုက်ခိုက်မှုများအတွင်း နန်းမွတ်တား၊ ရန်လင်းဖိုင်၊ အရှေ့ခုံသာ၊ ရာဇဂြိုဟ်၊ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတောရေရှင်၊ ခွန်နိုင်း၊ နန်းခေါက်ခေါက်၊ ကနန်၊ ကမ္မကြီး(ချင်း/ဗမာ)၊ ထင်းဇင်(ရွာသစ်/ရွာဟောင်း)၊ ဘုတ်ကန်၊ ဝိတုတ်၊ တီးတိန်ယံ၊ ရန်တိုင်းအောင်နှင့် တို့ဘန် စသည့် ကျေးရွာများအပြင် ဇွန်လ ၁၄ ရက်တွင် ရာဇဂြိုဟ်ရေလှောင်တမံနှင့် ဇွန်လ ၂၀ ရက်တွင် ခါမ်းပါတ်မြို့တို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

■ ၂၀၂၄ ခုနှစ်မှစတင်၍ လမ်းကြောင်းအား ပိတ်ဆို့ထားသည့် NUG၊ CRPH နှင့် PDF အဖွဲ့များအနေဖြင့် ဆက်ကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မော်တော်ယာဉ်များ မီးရှို့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည့်အပြင် နန်းမွတ်တား၊ ၅၅ မိုင်၊ ခါမ်းပါတ်၊ တွဲဘန် တံတားများနှင့် ရာဇဂြိုဟ်ရေလှောင်တမံ ရေထိန်းတံခါးတို့ကို ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အများပြည်သူဆိုင်ရာနှင့် ဘာသာရေး အဆောက်အအုံများတွင် ဘန်ကာနှင့် မိုင်းများ တပ်ဆင်အသုံးပြုခဲ့သည်ဟုလည်းသတင်းထုတ်ပြန်ထားသည်။

■ လက်ရှိတွင် လမ်းကြောင်းများ ပြန်လည်ပွင့်လမ်းသွားပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် တမူးမြို့မှတစ်ဆင့် ကလေး၊ မုံရွာနှင့် မန္တလေးမြို့များအထိ ကုန်သွယ်မှုနှင့် သွားလာမှုများ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

■ ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ လမ်း၊ တံတားများနှင့် မိုင်းရှင်းလင်းရေး အပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာက လုပ်ဆောင်လျက်ရှိပြီး၊ လိုအပ်သည့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်အရသိရသည်။