#Local_News
Published 26 June 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေး ရွာရှိ ကျေးရွာတိုးချဲ့ ပလပ်မြေများအား အထောက်အထားမပါဘဲ ရောင်းချလျှက်ရှိရာ ထို အကွက်ချရောင်းချနေမှုကို ထိရောက်စွာဟန့် တားပေးစေလိုကြောင်း ဒေသခံများက မီဒီယာများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။
■ အဆိုပါဒေသရှိ ယခင်ကျွဲ၊နွားစားကျက်မြေများကို ပြည်ထဲရေးဝန်ကြီးဌာန က ၂၀၁၇ခုနှစ်မှ စတင်ကာ ကျေးရွာတိုးချဲ့ပလပ်မြေအဖြစ်သတ်မှတ်ပေးခဲ့ပြီး လက်ရှိ နေထိုင် သည့် အိမ်ထောင်စု ၁၅၀ခန့်ရှိခဲ့ကြောင်း သိရသည်။
■ “ အဲ့မြေတွေကို ဝယ်ထားတဲ့သူတွေ ကတော့ ရှိတာပေါ့။ အဓိကကတော့ ဒေသခံတွေက ဝယ်ထားတဲ့ သူတွေကို ဖျက်ဖို့ ဖယ်ပေးဖို့ မဟုတ်ပါဘူး။ ကျေးရွာပိုင်မြေကို ဒီလိုမျိုးခွင့်ပြုချက်မရှိဘဲ မြို့နယ်သံဃ နာယက ဆရာတော်နှစ်ပါးက အကွက်ရိုက်ရောင်းတာကို အရေးယူပေးစေချင်တာ။ အဲ့တာ ကို ဒေသခံ တွေက တောင်းဆိုချင်တာပေါ့။ ဝယ်ထားတဲ့သူတွေကလည်း ဖယ်ရပြုရဆို နစ်နာတာ ပေါ့နော်။ သူတို့ချွေးနည်းစာနဲ့ ဝယ်ထားရတာ ပေ၂၀/၆၀တစ်ကွက်ကို ကျပ် သိန်း ၁၅၀/၂၀၀နဲ့ပေါ့။ အဲ့တာကို နောက်ထပ် မဖြစ် အောင် တောင်းဆိုချင်တာပေါ့။ ကျန်တဲ့မြေကွက်တွေကို ထပ်မရောင်းအောင်၊ ဥပမာ ကျေးရွာ အတွက် အများနဲ့ဆိုင်တဲ့ ကိစ္စမျိုးလုပ်မယ်ဆို ဘယ်သူ့မှကန့်ကွက်မှာ မဟုတ်ဖူး ” ဟု ဒေသခံတစ်ဦး ကပြောသည်။
■ လက်ရှိတွင် ထိုမြေများနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှ ကွင်းဆင်း ကာ စိစစ်မှုများပြုလုပ်နေ သော်လည်း အုပ်ချုပ်ရေးမှူးအပြောင်းအလဲများကြောင့် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
#YMG/SW #Yangon_Times