#Local_News
Published 11 July 2026
■ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS မော်တော်ယာဉ်များအနေဖြင့် CNG ဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျ ဝယ်ယူဖြည့်သွင်းခြင်း ရှိ/မရှိကို ဇူလိုင်လ(၁၀)ရက်မှ စတင်ကာ မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
■ YBS ယာဉ်များ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ညွှန်ကြားရေးမှူးဦးစီးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ အဖွဲ့ဝင်(၁) ဦးစီးအဖွဲ့တို့ ပူးပေါင်းကာ အဖွဲ့ (၃) ဖွဲ့ခွဲ၍ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ CNG အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်လျက်ရှိပြီး ထိုသို့ စစ်ဆေးဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က စော်ဘွားကြီးကုန်းရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၁၉) သို့ ရောက်ရှိစစ်ဆေးရာ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန ညွှန်ကြားရေးမှူး ဦးခွန်မျိုးသန့် က YBS ယာဉ်များ CNG ဝယ်ယူခွင့်စာအုပ်ဖြင့် ဓာတ်ငွေ့ဝယ်ယူနေမှု၊ CNG ဌာနမှ နှစ်ပတ်လည် စစ်ဆေးမှုခံယူထားသည့် QR တံဆိပ်ဝိုင်းနှင့်ယာဉ်၏ ဘယ်/ညာတွင် CNG တံဆိပ် တပ်ဆင်ထားရှိမှု၊ ဓာတ်ငွေ့ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများကိုလည်းကောင်း၊ YRTC အဖွဲ့ဝင် (၁) ဦးခင်မောင်ထွေး က YBS ယာဉ်ပေါ်တွင် Telematic Device နှင့် CCTV များ တပ်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
■ ထိုတင်ပြချက်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က CNG သုံးစွဲခွင့်ပြုထားသည့် မော်တော်ယာဉ်များအနေဖြင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် YRTC တို့ ပူးပေါင်းကာ ဆက်လက် စစ်ဆေးကြပ်မတ်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
■ YBS ယာဉ်များအနေဖြင့် ဇူလိုင်လ (၁၀) ရက်နေ့မှစတင်ကာ CNG ဝယ်ယူခွင့်စာအုပ်နှင့်အတူ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် ဓာတ်ငွေ့ကို စနစ်တကျ ဝယ်ယူဖြည့်သွင်းကြရန်နှင့် စာအုပ်မပါရှိပါက ဓာတ်ငွေ့ဝယ်ယူခွင့်ပြုတော့မည်မဟုတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ကြိုတင်အသိပေး ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times