#Local_News
Published 11 July 2026

■ နေပြည်တော်ကိုဗဟိုပြု၍ ဆက်စပ်‌ဒေသများ၌စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပြီး အထူးဖွံ့ဖြိုးရေးဒေသအဖြစ်အကောင်အ
ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ပြောသည်။

■ ယမန်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့၌ ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အသားထုတ်လုပ်မှုကဏ္ဍတိုးတက်ရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးနှင့်ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက
ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

■ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ၂၀၂၆-၂၀၃၀ အရ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအမံအဖြစ် တိရစ္ဆာန်ကာကွယ်ဆေးများထုတ်လုပ် ခြင်း၊ ရောဂါစောင့်ကြည့်စစ်ဆေးခြင်း၊ တန်ဖိုးမြှင့် မွေးမြူရေးထုတ်ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းများရေးဆွဲထားရှိခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်လမ်းညွှန်ချက်များ ပြုစုခြင်း နှင့် လက်တွေ့လိုက်နာကျင့်သုံးခြင်း၊ ကျေးရွာအခြေပြု တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပေါ်ထွက်လာရန် အားပေးဆောင်ရွက်ခြင်း၊ စားကျက်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ဖော်ထုတ်ခြင်း၊ အသေးစား မွေးမြူရေးလုပ်ငန်းများ ဒေသမျိုးရင်း ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်များကို မွေးမြူရေးစံပြကွက်များ တည်ထောင်ပြသခြင်း၊ နို့စားနွားမွေးမြူရေးအတွက် လိုအပ်သော အကူအညီများကို တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
 
■ အလားတူ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မွေးမြူထုတ်လုပ်မှု အခြေအနေနှင့် စားသုံးမှုအား ချိန်ညှိနိုင်ရန် ရည်ရွယ်၍ တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိခြင်း၊ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်ခြင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာစေရေး၊ တိရစ္ဆာန် များ၏ အသား၊ နို့၊ ဥ ထုတ်လုပ်နိုင်စွမ်းမြင့်မားစေရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း၊ နေပြည်တော်အား ဗဟိုပြုပြီး ဆက်စပ် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပြီး အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ သိုး၊ ဆိတ်၊ အသားတိုး ဝက်၊ ဥစားကြက်၊ ဒေသကြက်တိုးချဲ့မွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ စီးပွားဖြစ်မွေးမြူသူများအတွက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီးဌာန၏ အရင်းမပျောက် မတည်ငွေဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးပြီး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူသူများ အတွက် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာများထူထောင်ပေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

■ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍတိုးတက်ရေး၊ ကုန်ဈေး နှုန်းကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times