#Local_News
Published 04 November 2026
■ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ခြင်ဆီအစားထိုးကုသမှုခံယူခဲ့သည့် ခြင်ဆီကင်ဆာလူနာ ၅ ဦးစလုံး ကျန်းမာရေးကောင်းမွန်လာသဖြင့် အောက်တိုဘာ ၂၆ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
■ အဆိုပါကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာနတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြုဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
■ ကုသမှုခံယူခဲ့သူများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လှိုင်မြို့နယ်မှ အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဟိုပန်မြို့နယ်မှ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ သာကေတမြို့နယ်မှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တောင်ကြီးမြို့နယ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရသည်။
■ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသမှုကို ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ စုစုပေါင်း လူနာ ၃၈ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့အနက် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် သုံးဦးစီ၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် တစ်ဦးစီ၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ်တွင် ၁၀ ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်အထိ ၁၃ ဦး ပါဝင်ကြောင်းသိရသည်။
■ ပြည်သူများ၏ ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရန်အတွက် ပြည်ပသို့ သွားရောက်ကုသရမှု လျော့နည်းစေမည့် ပြည်တွင်းခြင်ဆီအစားထိုးကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times