#Local_News
Published 28 August 2026

■ လူမှုကွန်ရက်ပေါ်တွင် BL (Boys’ Love)၊ GL (Girls’ Love) စာအုပ်များကို ကြော်ငြာရောင်းချနေသည့် Facebook Page ၉ ခုသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ထားသည့် တရားမဝင်စာမျက်နှာများဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

■ အဆိုပါ Facebook Page များသည် သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် စာအုပ်ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။

■ ထို့ပြင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ သတ်မှတ်ချက်များအရ ထုတ်ဝေသူများအနေဖြင့် ထုတ်ဝေစာများကို မှတ်ပုံတင်စာရင်းသွင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး လုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရကြောင်း သိရသည်။

■ ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်သည့် ထုတ်ဝေစာများကို ထုတ်ဝေသူ၊ ပုံနှိပ်သူများနှင့် ပုံနှိပ်မှတ်တမ်းမပါရှိသည့် တရားမဝင်ထုတ်ဝေစာများကို ရောင်းချနေသည့် စာအုပ်အရောင်းဆိုင်များကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

■ သို့ဖြစ်၍ ပုံနှိပ်သူ၊ ထုတ်ဝေသူများနှင့် BL၊ GL စာအုပ်များ ရောင်းချနေသည့် တရားမဝင်စာအုပ်အရောင်းဆိုင်များ၊ Facebook Page များအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းကမ်းချက်များကို လေးစားလိုက်နာကြရန်နှင့် ဥပဒေကို ဖောက်ဖျက်၍ ထုတ်ဝေစာများ ရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#YMG/SW #Yangon_Times